ယူကရိန်းစစ်ပွဲမှာ လက်နက်ကိရိယာတွေ ပို့ဆောင်ပေးနေတဲ့ ရုရှားသင်္ဘောကြီး မီးလောင်ပျက်စီး

25-3-2022-yyl06.jpg

ရုရှားတပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ ယူကရိန်းဆိပ်ကမ်းမြို့မှာ ရုရှားရဲ့ ကုန်းရေနှစ်ထွေသွားသင်္ဘောကြီး မီးလောင်ပျက်စီးခဲ့ပြီး တခြားသင်္ဘော ၂ စင်းလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။ကြာသပတေးနေ့နံနက်အစောပိုင်းမှာ ယူကရိန်းစစ်တပ် တင်ထားတဲ့ ရုပ်သံမှတ်တမ်းအရ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အို့စ် (Orsk) သင်္ဘော ပေါက်ကွဲခဲ့ပြီး မီးလောင်နေတာ တွေ့ရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေက အို့စ်သင်္ဘောကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်။ ဒါပေမဲ့ ပေါက်ကွဲ၊ မီးလောင်ရတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

အို့စ်သင်္ဘောဟာ မာရီယာပိုမြို့အနောက်ဘက်မှာရှိတဲ့ ဘာဒန့်စ်မြို့မှာ ဆိုက်ကပ်ထားတာပါ။ ရုရှားတပ်ဖွဲ့က ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲပြီး ၄ ရက်အကြာမှာပဲ ဘာဒန့်စ်မြို့ကို သိမ်းပိုက်ခဲ့တာပါ။ ရုရှားစစ်သည်တွေအတွက် လိုအပ်တဲ့ လက်နက်ကိရိယာတွေ ပေးပို့ရာမှာ ရုရှားက ဘာဒန့်စ်ဆိပ်ကမ်းကို အခြေစိုက်စခန်းအဖြစ် အသုံးပြုနေတာပါ။ အို့စ်ဟာ ဘာဒန့်စ်ဆိပ်ကမ်းကို ပထမဆုံး ဆိုက်ကပ်ခဲ့တဲ့ ရုရှားသင်္ဘောဖြစ်ပါတယ်။

ရုရှားနိုင်ငံပိုင် ရုပ်သံလိုင်းရဲ့ သတင်းထောက် ဂက်ဇ်ဒီယက် ရိုက်ကူးထားတဲ့ Drone ရုပ်သံမှတ်တမ်းအရ ဘာဒန့်စ်ဆိပ်ကမ်းမှာ အို့စ်သင်္ဘောပေါ်ကနေ သံချပ်ကာကားတွေ ချနေတာ တွေ့ရပါတယ်။ အို့စ်သင်္ဘော ပေါက်ကွဲပျက်စီးခဲ့သလို ဆိပ်ကမ်းမှာရှိတဲ့ အခြားသင်္ဘော ၂ စီးနဲ့ လက်နက်ခဲယမ်းဂိုဒေါင်၊ လောင်စာဆီ အတင်၊ အချလုပ်ရာနေရာတွေကိုပါ မီးကူးစက်ပျံ့နှံ့ခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်သံမှတ်တမ်းတွေအရ သင်္ဘော ၂ စင်းဟာ ဆိပ်ကမ်းကနေ အရှိန်နဲ့ထွက်ခွာသွားတာ တွေ့ရပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေအနေနဲ့ အဓိကပစ်မှတ်ကြီးကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြီး အို့စ်သင်္ဘောက တင့်ကားအစီး ၂၀၊ သံချပ်ကာကား ၄၅ စီး၊ စစ်သည် ၄၀၀ ပို့ဆောင်နိုင်စွမ်းရှိတယ်လို့ ယူကရိန်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး ဟန်နာမယ်ယာက ပြောပါတယ်။ အခုသီတင်းပတ်အစောပိုင်းမှာ ရုရှားသတင်းထောက် ဂက်ဇ်ဒီယက်ရဲ့ ပြောကြားချက်အရ ယူကရိန်းတပ်ဖွဲ့တွေက ဘာဒန့်စ်ဆိပ်ကမ်းကို ထပ်ဖန်တလဲလဲ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဒုံးကျည်တိုင်းကို ရုရှားလေကြောင်းကာကွယ်ရေးတပ်ဖွဲ့က ကြားဖြတ်တားဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ခရိုင်းမီးယားနဲ့ မာရီယာပိုမြို့ကြား တည်ရှိတဲ့ ဘာဒန့်စ်မြို့ဟာ ရုရှားတပ်ဖွဲ့တွေအတွက် အဓိကဗျူဟာကျတဲ့ နေရာဖြစ်ပါတယ်။ ဘာဒန့်စ်နဲ့ မီလီတိုပိုမြို့တွေကို သိမ်းပိုက်ထားတာဟာ ခရိုင်းမီးယားဒေသကနေ ရုရှားနယ်စပ်အထိ ကုန်းမြေစင်္ကြံဖော်ဆောင်ချင်ပြီး ဇာပိုရစ်ဇီယာမြို့ကို လမ်းကြောင်းဖောက်ချင်တဲ့ ရုရှားရဲ့ ရည်ရွယ်ချက် တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

Ref: BBC “Russian warship destroyed in occupied port of Berdyansk, says Ukraine”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top