အသက် ၇၀ ပြည့်ခါနီးမှ ဆေးကျောင်းတက်ပြီး ဆရာဝန်ဘွဲ့ယူခဲ့သူ

10.9.2024-yyl-1.png

ဆံပင်ဖြူဖြူနဲ့ အသက် ၇၀ နားကပ်နေတဲ့ အဘိုးအိုတစ်ယောက် ဖြစ်နေလို့ ကျောင်းမှာ တွေ့တဲ့သူတိုင်းက သူ့ကို ပါမောက္ခလို့ပဲ ထင်ကြတာပါ။ တကယ်တော့ တိုးဟောင်ကန်က ဆေးတက္ကသိုလ် ကျောင်းသားတစ်ယောက်ပါ။ အသက် ၇၀ နားကပ်မှ ဆေးကျောင်းတက်ဖို့ ဆုံးဖြတ်လိုက်တဲ့ တိုးဟောင်ကန်ကို မိသားစုတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေက နားမလည်နိုင်အောင် ဖြစ်ခဲ့ကြပါတယ်။

တိုးဟောင်ကန်ဟာ နည်းပညာပစ္စည်း အရောင်းသမားဘဝနဲ့ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် အမှုဆောင်ချုပ်ရာထူးနဲ့ အငြိမ်းစားယူထားတဲ့ မလေးရှားနိုင်ငံသားတစ်ယောက်ပါ။ ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူမြို့မှာရှိတဲ့ အနောက်တောင်ပိုင်းတက္ကသိုလ် (PHINMA)ကနေ ဆေးပညာဘွဲ့ ရရှိခဲ့တာပါ။ သူဟာ တတိယနှစ်မှာတုန်းက ကလေးကျန်းမာရေးဘာသာရပ် စာမေးပွဲကျခဲ့လို့ နောက်တစ်နှစ် ပြန်တက်ခဲ့ရသလို နောက်ဆုံးနှစ်မှာတော့ လက်တွေံဆင်းဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရတာပါ။ ပုဂ္ဂလိကနဲ့ အစိုးရဆေးရုံတွေမှာ လက်တွေ့ဆင်းတဲ့အခါ တစ်ခါတလေ ဂျူတီချိန်က တစ်ကြိမ်ကို နာရီ ၃၀ အထိ ကြာမြင့်တာကြောင့် အသက်အရွယ်ရနေတဲ့ တိုးဟောင်ကန်အတွက် အလွန်ခက်ခဲပါတယ်။

ဆေးကျောင်းတက်နေတဲ့ကာလတစ်လျှောက်လုံး တိုးဟောင်ကန် စွဲစွဲမြဲမြဲ နှလုံးသွင်းခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ တာဂါလော့ဘာသာစကားနဲ့ဆိုရင် ဆာယန်းလို့ ခေါ်ပါတယ်။ ”အချည်းနှီးဖြစ်ခြင်း” ဆိုတဲ့ အဓိပ္ပာယ်ပါ။ အချိန်ကုန်၊ လူပင်ပန်းခံကာ ကျောင်းတက်ပြီးတော့မှ ဘွဲ့မရဘူးဆိုရင် အချည်းနှီးဖြစ်သွားမယ်၊ အချည်းနှီးအဖြစ်မခံနဲ့ဆိုတဲ့ အတန်းဖော်တွေရဲ့ စကားသံကို တိုးဟောင်ကန်က အမြဲနှလုံးသွင်းခဲ့တာပါ။

တိုးဟောင်ကန်က ကလေးဘဝတုန်းက ဆရာဝန်ဖြစ်ဖို့ စိတ်ကူးမရှိပါဘူး။ ၂၀၁၈ ခုနှစ်က ကာဂျစ်စတန်နိုင်ငံကို အလည်သွားရင်း အိန္ဒိယဆေးကျောင်းသား ၂ ယောက်နဲ့ဆုံတော့မှ ဆရာဝန်ဖြစ်ချင်စိတ် ပေါ်လာခဲ့တာပါ။ တကယ်အသုံးဝင်မယ့်အရာတစ်ခုခု လုပ်ချင်လို့ ဆေးပညာသင်ယူဖို့ ဆုံးဖြတ်လိုက်တာပါ။ ” သူများကို ဆေးမကုပေးနိုင်ရင်တောင် အနည်းဆုံး ကိုယ့်ဘာသာတော့ သိထားတာပေါ့”လို့ တိုးဟောင်ကန်က ဆိုပါတယ်။

တိုးဟောင်ကန်ရဲ့မိဘတွေက ရော်ဘာခြံ စိုက်ပျိုးကြတာပါ။ တိုးဟောင်ကန်တို့ မောင်နှမတွေဟာ ငယ်ငယ်တုန်းကဆို မနက် ၄ နာရီထပြီး ရော်ဘာစေး ခွာရပါတယ်။ ပြီးတော့မှ ကျောင်းသွားရတာပါ။ အဲဒီအချိန်တွေတုန်းကတော့ သူ့မှာ ဘာဖြစ်ချင်တယ်ဆိုတဲ့ ရည်မှန်းချက်မရှိသေးပါဘူး။ ဒီထက် ပိုကောင်းတဲ့ လူနေမှုဘဝတစ်ခု ပိုင်ဆိုင်ချင်ရုံပါပဲ။ အဲဒါကြောင့် သူက စာကြိုးစားခဲ့တယ်။ ၁၉၇၄ ခုနှစ်ကနေ ၁၉၇၈ ခုနှစ်ကြားကာလအတွင်း ဗြိတိန်နိုင်ငံ ဘရက်ဖို့ဒ်တက္ကသိုလ်မှာ ဓာတုဗေဒဘာသာရပ်နဲ့ ထိန်းချုပ်အင်ဂျင်နီယာဘာသာရပ် သင်ကြားခွင့်ရခဲ့တယ်။ သူက ဝိတ်တာလုပ်ရင်းတစ်ဖက် ကျောင်းတက်ခဲ့တာပါ။ အဲဒီနောက် လန်ဒန်မှာ မာစတာဘွဲ့ ယူခဲ့ပါတယ်။ ပညာရေးချေးငွေတွေ ပြန်ဆပ်နိုင်ဖို့ အမှိုက်သိမ်းသမားအလုပ်လုပ်ရင်း ကျောင်းတက်ခဲ့တာပါ။

အဲဒီနောက် မလေးရှားကို ပြန်လာခဲ့ပြီး အလုပ်လုပ်လုပ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဟောင်ကောင်မှာ အထိုင်ကျခဲ့ပြီး အိမ်ထောင်ကျကာ သားသမီး ၃ ယောက် ထွန်းကားခဲ့ပါတယ်။ သူက လူနာတွေကို ကုသပေးတဲ့ ဆရာဝန်ဖြစ်ဖို့ နောက်ထပ်စာမေးပွဲတွေ ဖြေရမှာဖြစ်သလို လက်တွေ့ဆင်းဖို့လည်း ကျန်ပါသေးတယ်။ ဒီတော့ တိုးဟောင်ကန်က လူနာကု ဆရာဝန်လုပ်မှာမဟုတ်ပေမဲ့ ဟောင်ကောင်မှာရှိတဲ့ သူ့သူငယ်ချင်းရဲ့ ဆေးဝါးကုမ္ပဏီမှာ အတိုင်ပင်ခံအဖြစ် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လူငယ်တွေအတွက် တိုးဟောင်ကန်ရဲ့ အမှာစကားကတော့ ဆရာဝန်ဖြစ်ချင်တဲ့ အိပ်မက်ရှိရင် ဘယ်အသက်အရွယ်မှာမဆို ကြိုးစားနိုင်ပါတယ်ဆိုတာပါပဲ။

Ref: This 70-year-old retiree just graduated med school. He has this advice for others
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top