တရုတ်ပြည်မကြီးမှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရသူ စတင်တွေ့ရှိ

14.12.2021yyl17.jpg

တရုတ်ပြည်မကြီးပေါ်မှာ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်ခံရသူတစ်ယောက်ကို တွေ့ရှိပါပြီ။ ဒါဟာ ဆောင်းရာသီ ဘေဂျင်းအိုလံပစ်ပြိုင်ပွဲမတိုင်ခင် ကိုဗစ်-၁၉ ကင်းစင်ပပျောက်ဖို့ ရည်မှန်းထားတဲ့ တရုတ်နိုင်ငံရဲ့ ဗျူဟာအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်း တီယန်ကျင်းဆိပ်ကမ်းမြို့ ကျန်းမာရေးအာဏာပိုင်တွေက အိုမီခရွန် မျိုးကွဲသစ် ကူးစက်ခံရသူတွေကို စစ်ဆေးဖော်ထုတ်ပြီး သီးသန့်ခွဲခြားနိုင်ခဲ့တာပါ။ သူဟာ ဒီဇင်ဘာလ ၉ ရက်မှာ ပြည်ပကနေ ရောက်ရှိလာတဲ့ ခရီးသည်တစ်ယောက်ဖြစ်ပြီး မြို့ထဲမဝင်ခင် စစ်ဆေးဖော်ထုတ်နိုင်ခဲ့တာပါ။

သူဟာ လက္ခဏာမပြဘဲ ရောဂါပိုးရှိနေသူဖြစ်ပြီး တရုတ်နိုင်ငံ ရောဂါထိန်းချုပ်၊ ကာကွယ်ရေးစင်တာက မျိုးဗီဇစစ်ဆေးရာမှာ အိုမီခရွန်မျိုးကွဲသစ် ကူးစက်ခံထားရတယ်ဆိုတာ အတည်ပြုနိုင်ခဲ့တာပါ။ သူ့ကို ဆေးရုံမှာ သီးသန့်ခွဲခြားကုသပေးနေတယ်လို့ တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

ကူးစက်မြန် အိုမီခရွန် မျိုးကွဲသစ်ကြောင့် ကမ္ဘာတစ်လွှား သတိထားစောင့်ကြည့်မှုတွေ ပိုများလာပြီး နိုင်ငံအသီးသီးက ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့လနှောင်းပိုင်းက တောင်အာဖရိကမှာ အိုမီခရွန်မျိုးကွဲသစ်ကို စတင်တွေ့ခဲ့ပြီးနောက်ပိုင်း နိုင်ငံ ၅၀ ကျော်မှာ အိုမီခရွန်မျိုးကွဲသစ် ကူးစက်ခံထားရသူတွေ တွေ့ရှိထားပါတယ်။

မျိုးဗီဇပြောင်းလဲမှုတွေ မကြုံစဖူးများပြားလွန်းတဲ့ အိုမီခရွန်မျိုးကွဲသစ်ရဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပေမဲ့ ကူးစက်ပျံ့နှံ့မြန်ပြီး ကာကွယ်ဆေးတွေရဲ့ ကာကွယ်နိုင်စွမ်းနည်းပါးမှာကို သိပ္ပံပညာရှင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။

တရုတ်နိုင်ငံမှာ တင်းကျပ်တဲ့ နယ်စပ်ထိန်းချုပ်ရေးစည်းမျဉ်းတွေ ချမှတ်ထားပြီး ရောဂါကူးစက်ခံထားရသူတွေကို မြန်မြန်ဆန်ဆန် ခွဲခြားဖော်ထုတ်နိုင်စွမ်းရှိလို့ အိုမီခရွန်မျိုးကွဲသစ်ကို တိုက်ဖျက်နိုင်စွမ်းရှိမယ်လို့ ယုံကြည်ကြောင်း တရုတ်နိုင်ငံ ပြည်သူ့ကျန်းမာရေး ပညာရှင်တွေက ပြောခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံဟာ ပြည်ပကနေ ရောက်ရှိလာသူတွေကို လေဆိပ်ကနေ မထွက်ခင် ကိုဗစ်စစ်ဆေးပြီး ဗဟိုအစိုးရက ချမှတ်ထားတဲ့ ကွာရန်တင်းစင်တာတွေမှာ အနည်းဆုံး ၂ ပတ်ကြာ ကွာရန်တင်း ဝင်ခိုင်းသလို နေအိမ်မှာလည်း ကာလရှည် ကွာရန်တင်းဝင်ခိုင်းပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့ကိုဗစ် ကင်းစင်ရေးဗျူဟာအရ စီးပွားရေးထိခိုက်ဆုံးရှုံးမှု ကြီးမားပြီး လူနေမှုဘဝကိုလည်း ကသောင်းကနင်း ဖြစ်စေတာမျိုး ကြုံနေရပါတယ်။

Ref: CNN “China detects first case of Omicron coronavirus variant on the mainland”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top