၂၀၁၅ ခုနှစ်က တူရကီနိုင်ငံရဲ့ နယ်စပ်မြို့ငယ်လေးဖြစ်တဲ့ ကီလစ်မြို့မှာ မင်္ဂလာပွဲတစ်ခု ကျင်းပတယ်။ မင်္ဂလာပွဲဆိုပေမဲ့ အကအခုန်၊ အတီးအမှုတ်၊ အဆောင်အယောင်၊ စီချယ်မှုတွေ မပါဘူး။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ သတို့သမီးက ထရပ်ကားပေါ် တင်ထားတဲ့ အစားအစာတွေကို ဝေမျှပေးနေပြီး သူ့ဘေးမှာ သတို့သားက ဝိုင်းကူပေးနေတယ်။
သတို့သမီးက အသက် ၂၀ ၊ သတို့သားက ၂၄ နှစ်ပါ။ သူတို့က ချို့တဲ့နွမ်းပါးပြီး စားဖို့သောက်ဖို့ အနိုင်နိုင်ဖြစ်နေရှာတဲ့ ဆီးရီးယားဒုက္ခသည် ၄၀၀၀ အတွက် အစားအစာတွေ ဝေမျှပေးနေတာပါ။ မင်္ဂလာပွဲမှာ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံမယ့်အစား အမှန်တကယ် လိုအပ်နေသူတွေကို အစားအစာ ကျွေးမွေးမယ့်စိတ်ကူးကို သတို့သားရဲ့ဖခင် အလီက စတွေးခဲ့တာပါ။

သူက ပရဟိတအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး နယ်စပ်တလျှောက်မှာ ဆီးရီးယားဒုက္ခသည် မိသားစုတွေ ဘယ်လောက် ဒုက္ခရောက်နေကြသလဲဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ပြီးနောက် သူ့သားရဲ့ မင်္ဂလာဆောင်မှာ ဒုက္ခသည်တွေကို အစားအစာ ကျွေးမွေးရရင် ကောင်းမယ်လို့ အကြံရခဲ့တာပါ။ သူ့ရဲ့ အကြံကို သတို့သား၊ သတို့သမီးကလည်း သဘောတူခဲ့ကြပါတယ်။
” ဆီးရီးယားဒုက္ခသည်ကလေးငယ်တွေရဲ့ မျက်ဝန်းထဲမှာ ပျော်ရွှင်မှုအငွေ့အသက်တွေ မြင်တွေ့ခွင့်ရခြင်းက တန်ဖိုးဖြတ်မရအောင်ပါပဲ။ ကျွန်မတို့ရဲ့ အိမ်ထောင်ရေးခရီးအစမှာတင် အခြားသူတွေကို ပျော်ရွှင်အောင် လုပ်ပေးခွင့်ရတယ်ဆိုတဲ့ ခံစားမှုက အင်မတန်ကောင်းပါတယ်”လို့ သတို့သမီး အက်ဇရာက ဆိုပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲ ပုံရိပ်တွေဟာ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားခဲ့ပြီး နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒီအကျိုးဆက်ကတော့ အခြားသူတွေကပါ သူတို့ မင်္ဂလာဆောင်တဲ့အခါ ဖီသူလာနဲ့ အက်ဇရာတို့လိုမျိုး အမှန်တကယ် လိုအပ်နေသူတွေကို ကျွေးမွေးဧည့်ခံတဲ့ မင်္ဂလာပွဲ အခမ်းအနားမျိုး ကျင်းပကြပြီး အကြင်နာတရား ကူးလူးဖလှယ်ခဲ့ကြတာပါပဲ။
Ref: This just-married Turkish couple gave 4,000 Syrian refugees an incredible gift
NZ (ရိုးရာလေး)

