သားသမီးတွေများပြီး ဆင်းရဲနွမ်းပါးတဲ့ မက္ကဆီကိုမိသားစုကနေ မွေးဖွားလာခဲ့သူ ဘင်နီတက်ဇ်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ မူးယစ်ဆေးဝါးရဲ့ သားကောင် ဖြစ်ခဲ့သူပါ။ သားသမီး ၁၇ ယောက်မှာ ဒုတိယအငယ်ဆုံးဖြစ်ပြီး အသက် ၁၁ နှစ်အရွယ်မှာတင် မူးယစ်ဆေးဝါး စတင်သုံးစွဲတတ်ခဲ့ပါတယ်။
” မက္ကဆီကိုမှာ မူးယစ်ဆေးဝါးက အရမ်းပေါတယ်လေ။ ကျွန်တော့်အသက် ၁၁ နှစ်၊ ၁၂ နှစ်လောက်ကတည်းက မူးယစ်ဆေး စသုံးတတ်ခဲ့တာပါ။ ဆေးခြောက်၊ ကိုကိန်းနဲ့ ပြတ်တဲ့နေ့ မရှိပါဘူး။ နောက်တော့ ဘိန်းဖြူပါ သုံးတတ်လာတယ်”လို့ ဘင်နီတက်ဇ်က ဆိုပါတယ်။
အသက် ၂၀ အရွယ်မှာတော့ ဂိုဏ်းထဲက သူ့သူငယ်ချင်းတစ်ယောက် အသတ်ခံရတဲ့ဖြစ်ရပ်မှာ လူသတ်မှုစွဲချက်တင်ခံခဲ့ရပေမဲ့ အခင်းဖြစ်ပွားချိန် အခြားဘားတစ်ခုမှာ အရက်မူးပြီး အိပ်ပျော်နေတယ်ဆိုတာကို အလီဘိုင် ပြနိုင်ခဲ့ပေမဲ့ စွဲချက်ကနေ လွတ်မြောက်ခဲ့သူပါ။

ဒီဖြစ်ရပ်အပြီးမှာတော့ ဘင်နီတက်ဇ်က ဘုန်းကြီးဝတ်ခဲ့ပြီး စပိန်နဲ့ အီတလီစကား သင်ခဲ့ပါတယ်။ ဘုန်းကြီး ဖြစ်လာပြီးနောက်မှာတော့ အိမ်ခြေယာမဲ့ ကလေးငယ်တွေနဲ့ မိဘမဲ့ကလေးငယ်တွေအတွက် ဂေဟာဖွင့်ဖို့ စိတ်ကူးရခဲ့ပါတယ်။ ဒါပေမဲ့ ကုန်ကျစရိတ်အတွက် အကြံထုတ်ရင်း မူးယစ်ဂိုဏ်းသား ဘဝတုန်းက အထိုးအကြိတ်၊ အထုအထောင်း ခံနိုင်ရည်စွမ်းကြောင့် နပန်းပွဲတွေမှာ ငွေရှာဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဘင်နီတက်ဇ်ဟာ ဖရေးတော်မန်တာဆိုတဲ့ အမည်ကို သုံးပြီး (သူ့မျက်နှာကို လူမသိအောင် မျက်နှာဖုံးစွပ်ကာ) တစ်နာရီ ၁၅ ဒေါ်လာနှုန်းနဲ့ နပန်းပွဲတွေမှာ ငွေရှာခဲ့ပါတယ်။ သူဟာ ၁၉၇၇ ခုနှစ်ကနေ ၂၀၀၀ ပြည့်နှစ်အထိ ၂၃ နှစ်တိုင်တိုင် နပန်းပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မိဘမဲ့ဂေဟာ ဖွင့်လှစ်နိုင်လုဆဲဆဲမှာတော့ ဘင်နီတက်ဇ်က အလွန်ရင်းနှီးတဲ့ နပန်းသမား မိတ်ဆွေတစ်ဦးရဲ့ မင်္ဂလာပွဲမှာ ဖရေးတော်မန်တာအမည်နဲ့ နပန်းသမားဟာ သူ ဖြစ်ကြောင်း ထုတ်ပြောခဲ့ပါတယ်။
Fray Tormenta’s Puppies Children’s Home မိဘမဲ့ဂေဟာဟာ ကလေးငယ် ၂၀၀၀ ကျော်ကို စောင့်ရှောက်ပေးနိုင်ခဲ့ပြီး ကလေးတချို့ကတော့ အခုအချိန်မှာ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ အစိုးရဝန်ထမ်းတွေတောင် ဖြစ်ကုန်ကြပါပြီ။
Ref: This Mexican Priest Performed as a Wrestler to Pay for Orphanage that Nurtured Thousands
NZ ( ရိုးရာလေး)