၂၇ နှစ်အတွင်း ဂီတဖျော်ဖြေပွဲ ၃၄၄ ပွဲ ဖျော်ဖြေနိုင်ခဲ့ပြီးနောက်မှာတော့ Vegetable Orchestra သံစုံတီးဝိုင်းဟာ ဟင်းသီးဟင်းရွက် သစ်သီးဝလံတူရိယာတွေ အသုံးပြုပြီး ဖျော်ဖြေပွဲအများဆုံးလုပ်နိုင်တဲ့ တီးဝိုင်းအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။
ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို တူရိယာအဖြစ် ဖန်တီး တီးမှုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ၁၉၉၉ ခုနှစ်က သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ Vegetable Orchestra သံစုံတီးဝိုင်းကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တူရိယာ ၁၁ မျိုး ပါဝင်ပါတယ်။
” အပျော်သဘောနဲ့ စဖြစ်ခဲ့တာပါ။ ဂီတသံ ဖန်တီးရာမှာ ဘယ်ပစ္စည်းက အခက်အခဲဖြစ်မလဲဆိုပြီး တွေးမိခဲ့တာပါ” လို့ မူလတည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မက်သီးယက်မိန်းဟာတာက ဆိုပါတယ်။

သူတို့ရဲ့ တူရိယာတွေထဲမှာ မုန်လာဥကို အသံဖမ်းစက်လို ထွင်းထုထားတာ၊ ထန်းကြက်သွန်ကို မယ်ဒလင်အဖြစ် ဖန်တီးထားတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တူရိယာတွေဟာ ၆ နာရီလောက်ပဲ ခံတာကြောင့် ဖျော်ဖြေပွဲတစ်ခုလုပ်တိုင်း တူရိယာအသစ်တွေ ပြန်လည်ဖန်တီးရလေ့ ရှိပါတယ်။
တူရိယာလုပ်ရာမှာ အသုံးမပြုတော့တဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ ဟင်းချိုချက်ပြုတ်ပြီး ပွဲကြည့်ပရိသတ်တွေကို တည်ခင်းဧည့်ခံလေ့ရှိပါတယ်။ သူတို့က ဟင်းသီးဟင်းရွက် သစ်သီဝလံတွေကို တူရိယာအဖြစ် အသုံးပြုကြပေမဲ့ သံစုံတီးဝိုင်းမှာ ပါဝင်ဖျော်ဖြေသူတွေကတော့ သားသတ်လွတ်သမားတွေ မဟုတ်ကြပါဘူး။
Ref: Vienna’s Vegetable Orchestra earns world record by playing with food
NZ ( ရိုးရာလေး)