သြစတြီးယားမှာ ကာကွယ်ဆေးအပြည့်အဝ မထိုးရသေးသူ ၂ သန်းဝန်းကျင်ကို Lockdown ချ

15-11-2021yyl1.jpg

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု တစ်ကျော့ပြန် မြင့်တက်လာတဲ့ သြစတြီးယားနိုင်ငံမှာ ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသူတွေကို Lockdown ချလိုက်ပါပြီ။ သြစတြီးယားနိုင်ငံမှာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးသူအရေအတွက်ဟာ ၆၅ ရာခိုင်နှုန်းပဲ ရှိသေးပြီး အနောက်ဥရောပနိုင်ငံတွေထဲမှာ ကာကွယ်ဆေးထိုးနှံမှုနှုန်း အနည်းဆုံး ဖြစ်နေပါတယ်။

” ကျွန်တော်တို့ ခပ်ပေါ့ပေါ့ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ မဖြစ်မနေ လိုအပ်လို့ ဒီလို ချမှတ်ရတာပါ” လို့ သြစတြီးယား ဝန်ကြီးချုပ် ရှာလင်ဘတ်က ပြောပါတယ်။ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးစီးခြင်းမရှိသူ ၂ သန်းနီးပါးဟာ အလုပ်သွားတာ၊ အစားအစာ ဝယ်တာ စတဲ့ သတ်မှတ်ကိစ္စတွေအတွက်ပဲ အိမ်ပြင်ထွက်ခွင့်ရှိမှာပါ။

သြစတြီးယားနိုင်ငံမှာ ၇ ရက်တာအတွင်း ရောဂါကူးစက်မှုနှုန်းက လူ ၁ သိန်းမှာ ၈၀၀ ကျော်နှုန်း ရှိခဲ့ပြီး ဥရောပတိုက်ရဲ့ ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်နေပါတယ်။ ဥရောပတိုက်ဟာ ကပ်ရောဂါဒဏ်ကို တစ်ကျော့ပြန် အဆိုးရွားဆုံး ခံစားနေရပြီး ဥရောပနိုင်ငံ တော်တော်များများကလည်း ကန့်သတ်ချက်တွေ ထုတ်ပြန်လျက်ရှိပါတယ်။ ဒါပေမဲ့ ဥရောပတိုက်မှာ ကိုဗစ်ရောဂါ ကူးစက်မှုအများဆုံး တစ်နိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံကတော့ ကန့်သတ်ချက်၊ စည်းမျဉ်းတွေ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

သြစတြီးယားနိုင်ငံမှာ နိုဝင်ဘာလ ၁၅ ရက်ကစလို့ ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသူတွေကို Lockdown ချသွားမှာဖြစ်ပြီး ကနဦးအနေနဲ့ ၁၀ ရက်ကြာမြင့်မှာပါ။ အသက် ၁၂ နှစ်အောက် ကလေးငယ်တွေ၊ မကြာသေးခင်ကမှ ကိုဗစ်ရောဂါကနေ ပြန်သက်သာလာသူတွေကို ခြွင်းချက်ပေးမှာ ဖြစ်ပါတယ်။ အစောပိုင်းကတည်းက သြစတြီးယားနိုင်ငံမှာ ကာကွယ်ဆေးမထိုးရသေးသူတွေကို စားသောက်ဆိုင်၊ ဆံသဆိုင်နဲ့ ရုပ်ရှင်ရုံတွေ သွားခွင့် ပိတ်ပင်ထားပါတယ်။ ကာကွယ်ဆေး အပြည့်အဝ မထိုးရသေးသူတွေကို Lockdown ချတဲ့ စည်းမျဉ်းဟာ အခြေခံဥပဒေနဲ့ ကိုက်ညီမှု ရှိရဲ့လားလို့ ဝေဖန်သူတချို့က ဆိုကြပါတယ်။

Ref: BBC ” Covid: Austria introduces lockdown for unvaccinated “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top