လွန်ခဲ့တဲ့ ၄နှစ်က မိသားစုနဲ့အတူ အိန္ဒိယကို ရောက်လာချိန်မှာ ဘုံဘေမြို့က ဆင်စွယ်ပစ္စည်းအရောင်းဆိုင်တွေကို တွေ့ပြီး အနီကာပူရီ အံ့သြသွားတယ်။ ကမ္ဘာတစ်ဝန်းမှာ ဆင်စွယ်ကုန်ကူးမှုကို တရားမဝင်ဘူးလို့ သတ်မှတ်ထားတာ နှစ် ၃၀ ကျော်ပြီလေ။ အိန္ဒိယမှာလည်း ၁၉၇၀ ပြည့်နှစ်တွေကတည်းက ဆင်တွေကို အမဲမလိုက်ဖို့ တားမြစ်ထားတာပါ။
ဒီအကြောင်းကို စိတ်ဝင်စားသွားလို့ လေ့လာကြည့်လိုက်တော့မှ ပူရီတစ်ယောက် အံ့သြတကြီး ပိုဖြစ်ခဲ့ရတယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်ကြားမှာ အာဖရိကရဲ့ ဆင်အကောင်ရေ ၆၂ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပြီး နှစ်စဉ်နှစ်တိုင်းလည်း ကျဆင်းနေဆဲပဲ။
အဲဒီအတွက် သားရဲတိရစ္ဆာန်တွေကို ချစ်တဲ့ ပူရီက တစ်ခုခုလုပ်ပေးဖို့ တွေးရင်း ဆင်အမဲလိုက်သမားတွေကို တားဆီးပေးနိုင်မယ့် အရာတစ်ခု ဖန်တီးနိုင်ခဲ့တယ်။ ပူရီက ဆင်တွေနဲ့ လူတွေရဲ့ လှုပ်ရှားမှုပုံစံတွေကို လေ့လာရင်း ကွာခြားမှုတွေကို သတိထားမိခဲ့တာပါ။
အဲဒီကွာခြားချက်ကို သုံးပြီး ဆင် အမဲလိုက်သမားတွေကို စောင့်ကြည့်ပေးမယ့် ကိရိယာကို ကုန်ကျစရိတ် နည်းနည်းလေးနဲ့ ဖန်တီးနိုင်ခဲ့တယ်။ မောင်းသူမဲ့ယာဉ်နဲ့ ကင်မရာကို တွဲဖက်ကာ ဖုန်းနဲ့ချိတ်ဆက်ပြီး အပူလှိုင်းနဲ့ ပုံရိပ်ဖမ်းယူတဲ့စနစ်ကို သူ ဖန်တီးခဲ့တာပါ။
အဲဒီဖန်တီးမှုဟာ အရင်သုံးနေကျ မောင်းသူမဲ့ယာဉ်နဲ့ စောင့်ကြည့်ရေး နည်းစနစ်ထက် ကုန်ကျစရိတ် ပိုသက်သာသလို အချက်အလက်တွေကိုလည်း အချိန်နဲ့တပြေးညီ ဖော်ပြပေးနိုင်စွမ်း ရှိပါတယ်။ ပူရီက သူ့ရဲ့စီမံကိန်းကို ၂၀၂၂ ခုနှစ် Regeneron နိုင်ငံတကာသိပ္ပံနဲ့ အင်ဂျင်နီယာပြပွဲ မှာ ပြသခဲ့ပြီး Peggy Scripps Award for Science Communication ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ နေထိုင်တဲ့ ပူရီက ၁၇ နှစ်အရွယ်ပဲ ရှိပါသေးတယ်။ သူဟာ ၈ တန်းကျောင်းသူအရွယ်ကတည်းက မှတ်ဉာဏ်တုတွေရဲ့ အလုပ်လုပ်ပုံကို လေ့လာသင်ယူခဲ့သူပါ။
Ref: This Teenager Invented a Low-Cost Tool to Spot Elephant Poachers in Real Time
NZ (ရိုးရာလေး)