စကော့တလန်က လိုအပ်တဲ့သူတွေကို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အခမဲ့ရယူခွင့်ပြုမယ့် ပထမဆုံးနိုင်ငံဖြစ်လာ

15-8-2022-yyl-14.jpg

စကော့တလန်နိုင်ငံက လိုအပ်တဲ့သူတွေကို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အခမဲ့ရယူခွင့်ပေးမယ့် ပထမဆုံးနိုင်ငံဖြစ်လာပါပြီ။ ဒီနိုင်ငံရဲ့ The Period Products Act ဥပဒေက ဒီကနေ့မှာ အသက်ဝင်လာခဲ့တာပါ။ The Period Products Act ဥပဒေအောက်မှာ ဒေသတွင်းအာဏာပိုင်တွေနဲ့ ပညာရေးဝန်ဆောင်မှုပေးသူတွေက အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို လိုအပ်တဲ့ဘယ်သူကိုမဆို အခမဲ့ ဖြန့်ဝေပေးမှာဖြစ်ပါတယ်။

စကော့တလန်အစိုးရက အများပြည်သူဆိုင်ရာနေရာတွေမှာ လစဉ်သုံးပစ္စည်းတွေကို အခမဲ့ထားရှိနိုင်ဖို့ ရန်ပုံငွေ ပေါင် ၂၇ သန်းကျော် ရင်းနှီးမြှုပ်နှံထားပြီးသားဖြစ်တယ်လို့ သိရပါတယ်။

ဒီဥပဒေကြမ်းကို အလုပ်သမားကျန်းမာရေးပြောရေးဆိုခွင့်ရှိသူ မိုနီကာ လန်နွန်က ၂၀၁၆ ခုနှစ်မှာ တင်ပြခဲ့ပြီး ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ အတည်ပြုပေးခဲ့တာပါ။ ဒီဥပဒေက ဆင်းရဲမွဲတေမှုပပျောက်စေဖို့နဲ့ ငွေကြေးခက်ခဲတဲ့အိမ်ထောင်စုတွေကို ကူညီပေးဖို့ ရည်ရွယ်ပါတယ်။

ဥပဒေကြမ်းကို အတည်ပြုလိုက်တဲ့အခါမှာ မိုနီကာက ဒါဟာ လက်တွေ့ကျတဲ့ ဥပဒေဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအတွင်း ပိုပြီး အရေးကြီးလာတယ်လို့ ပြောခဲ့ပါတယ်။ မိုနီကာရဲ့ဥပဒေမူကြမ်းက စကော့တလန်အစိုးရနဲ့ အခြားအတိုက်အခံပါတီတွေရဲ့ထောက်ခံမှုကို ရရှိခဲ့ပြီး (၁၂၁) မဲနဲ့ အနိုင်ရခဲ့တာပါ။

လူမှုစီးပွားရေးလုပ်ငန်း Hey Girls က လစဉ်သုံးပစ္စည်းတွေ လာယူလို့ရမယ့် အနီးဆုံးနေရာကို ရှာဖွေဖို့ လူတွေကို ကူညီပေးမယ့် PickupMyPeriod မိုဘိုင်းအက်ပ်တစ်ခုကို ဖန်တီးထားပါတယ်။ လောလောဆယ်မှာတော့ အဲဒီအက်ပ်က သုံးစွဲသူတွေကို လစဉ်သုံးပစ္စည်းယူလို့ရမယ့် နေရာ ၁၀၀၀ ကျော်ကို ပြထားပါတယ်။

“The Period Product Act ဥပဒေက လစဉ်သုံးပစ္စည်းတွေဟာ ဇိမ်ခံပစ္စည်းမဟုတ်ကြောင်းနဲ့ လူတိုင်းအတွက် ဖောဖောသီသီ ရရှိသင့်ကြောင်း အသိအမှတ်ပြုရာမှာ စကော့တလန်က ဦးဆောင်လမ်းပြနေတယ်ဆိုတာကို ပြသနေတာပါ” လို့ Hey Girls တည်ထောင်သူ ဆီလီယာ ဟော့ဒ်ဆန်က ဆိုပါတယ်။

Ref: Dailymail “Scotland becomes the first country to offer free period products to anyone who needs them as landmark legislation comes into force”

WL(ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top