အမေရိကန်နိုင်ငံမှာ အိမ်ငှားနေထိုင်သူ ၃ ပုံ၊ ၁ ပုံလောက်က ဧပြီလအတွက် အိမ်ငှားခပေးခဲ့ခြင်းမရှိပါဘူး။ အိမ်ခန်းငှားရမ်းမှုဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့(National Multifamily Housing Council)က အခုလို ကိန်းဂဏန်းအချက်အလက်တွေ ဖော်ပြခဲ့တာပါ။ ပြီးခဲ့တဲ့မတ်လအတွင်း အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားသူ ၁၀ သန်းလောက် ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ အိမ်ခန်း ၁၃ သန်းကျော်ကို စစ်တမ်းကောက်ယူမှုအရ ဧပြီလ ၁ ရက်ကနေ ၅ ရက်ကြားကာလအတွင်း အိမ်ငှားခပေးခဲ့သူ ၆၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ၂၀၁၉ ခုနှစ် အလားတူကာလမှာ အိမ်ငှားခပေးခဲ့သူ ၈၂ ရာခိုင်နှုန်းအထိရှိခဲ့သလို ၂၀၂၀ ပြည့်နှစ် မတ်လမှာ အိမ်ငှားခပေးသူ ၈၁ ရာခိုင်နှုန်းအထိ ရှိတာ တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုအစိုးရက အမေရိကန်ဒေါ်လာ ၂ ထရီလျံရှိတဲ့ ဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ် ဖော်ဆောင်ထားလို့ အမေရိကန်နိုင်ငံသားတွေရဲ့ စီးပွားရေးကျဆင်းမှုကို အဖတ်ဆည်ပေးနိုင်ဖို့ ရှိပါတယ်။ ပြည်ထောင်စုအစိုးရရဲ့ စရိတ်နည်းအိမ်ရာတွေမှာ ငှားရမ်းနေထိုင်သူတွေအနေနဲ့ ထောက်ပံ့မှု ရနိုင်ဖွယ်ရှိပြီး အိမ်ငှားခမပေးနိုင်ရင်လည်း ရက် ၁၂၀ မပြည့်မချင်း မောင်းချခံရမှာမဟုတ်သလို အိမ်ငှားခကို အချိန်နောက်ကျပြီးမှ ပေးချေခွင့်ရှိပါတယ်။
Nz (ရိုးရာလေး)