နေ့စဉ်အလုပ်တွေ ပြီးမြောက်ဖို့ အချိန်ဇယားလေးတစ်ခု ဆွဲထားရအောင်

3-7-2020-yyl-019.jpg

“ဖြစ်နိုင်ရင် ဆယ်ကိုယ်လောက် ခွဲထားလိုက်ချင်တယ်” ဆိုတဲ့ စကားကို ကျွန်တော်တို့ကိုယ်တိုင်ရော ပတ်ဝန်းကျင်မှာပါ မကြာခဏ ပြောဖူး ကြားဖူးကြမှာပါ။ အလုပ်ကနေအိမ်ပြန်ရောက်ရင် ဟိုဟာ လုပ်မယ် ဒီဟာလုပ်မယ်နဲ့ လုပ်ချင်တဲ့အရာတွေ၊ လုပ်စရာကိစ္စတွေ အများကြီးရှိနေပေမဲ့ တကယ်တမ်းကျတော့

တစ်ခုနှစ်ခုလောက်ပဲ လုပ်ဖြစ်တဲ့အခါမျိုး ဖြစ်ဖူးကြမှာပါ။ ဒီလိုမျိုးဖြစ်ရတာ အချိန်မလောက်လို့လား။ ဒါမှမဟုတ်ရင် ပျင်းနေလို့ အလုပ်မဖြစ်တာလား။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် လုပ်ချင်တဲ့အလုပ်တွေ ပြီးမြောက်ချင်တဲ့ ဆန္ဒတစ်ခု ရှိနေတယ်ဆိုရင်တော့ အခုကစပြီး အချိန်ဇယားတစ်ခု ဆွဲထားလိုက်ဖို့ အကြံပြုပါရစေ။

အချိန်ဇယားလို့ပြောလိုက်တာနဲ့ ကျောင်းသူကျောင်းသားတွေ ကလေးတွေ စာကျက်ဖို့၊ တစ်နေ့စာတစ်နေ့ပုံမှန်လုပ်ဖို့၊ စည်းကမ်းရှိဖို့အတွက် မိဘများက ချမှတ်ပေးထားတဲ့ စည်းကမ်းတစ်ခုလို့ပဲ မျက်လုံးထဲမြင်ကြမှာပါ။ ဒါပေမဲ့ အခုဆိုလိုချင်တဲ့ အချိန်ဇယားဆိုတာကတော့ ကျောင်းသူကျောင်းသားတွေသာမက လူငယ်လူကြီး အားလုံးအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

အချိန်ဇယားတစ်ခုကို ဖန်တီးတဲ့အခါမှာတော့ ကိုယ့်ရဲ့ အားလပ်ချိန်ကို အဓိကထားပြီး ဖန်တီးရမှာပါ။ အားလပ်ချိန်မှာ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ စာအုပ်ဖတ်မယ်၊ ဘယ်အချိန်မှာတော့ ဘာသာစကားတစ်ခုလေ့လာမယ်၊ ဘယ်အချိန်မှာတော့ အိပ်မယ် ဆိုပြီး ဖန်တီးကြည့်ပါ။ ပထမဆုံးသင်တွေ့ကြုံရမယ့် အကျိုးရလဒ်ကတော့ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန် မှန်လာပါလိမ့်မယ်။ အိပ်ရာဝင်ချိန်၊ အိပ်ရာထချိန်မှန်ခြင်းက တစ်နည်းအားဖြင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပြီး ရောဂါဝေဒနာတွေ ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ အားလပ်ချိန်တွေမှာ ကိုယ်လုပ်ချင်တဲ့အကြောင်းအရာတွေကို တကယ်ပြီးမြောက်အောင် ဆောင်ရွက်လာနိုင်တာပါ။

ပြီးခဲ့တဲ့လက စာရေးသူ စာဖတ်ဖို့ဆိုပြီး စာအုပ်တန်းကနေ စာအုပ်တစ်အုပ်ကို ဝယ်ဖြစ်ခဲ့ပါတယ်။ အားလပ်ချိန်တွေမှာ ကိစ္စကြီးငယ်မရှိပေမဲ့လည်း အကြောင်းကြောင်းကြောင့် ဖတ်ဖြစ်လိုက် မဖတ်ဖြစ်လိုက်နဲ့ ပုံမှန်စာမဖတ်ဖြစ်ခဲ့ပါဘူး။ သူငယ်ချင်းတစ်ယောက်က ဒီနည်းလမ်းလေး မျှဝေပြီးတဲ့နောက်မှာတော့ ပုံမှန်အချိန်လေးထားပြီးတော့ စာဖတ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်သေချာတာတစ်ခုက အခုလို အချိန်ဇယားလေးထားပြီး လုပ်ဆောင်သွားမယ်ဆိုရင် ကိုယ့်စိတ်ဆန္ဒအတိုင်းဖြစ်ပေါ်နေတဲ့ အကြောင်းအရာများကို လက်တွေ့အကောင်အထည်ဖော်လာနိင်မှာပါ။ ဒါ့အပြင် အချိန်ကို စီမံခန့်ခွဲ(Time Management) ပြုလုပ်လာနိင်ပြီး ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်စွမ်း( Self-Control ) စွမ်းရည်လည်း တိုးတက်လာတဲ့အတွက် လုပ်ငန်းခွင်မှာလည်း အရင်ကထက်ပိုပြီး လုပ်ကိုင်ရတာ အဆင်ပြေလာနိုင်မှာပါ။

အချိန်ဇယားဆိုလို့ မဖြစ်မနေ အချိန်အကန့်အသတ်နဲ့ ပြုလုပ်ရမယ်လို့တော့ မဟုတ်ပါဘူး။ တကယ်လို့ အချိန်ဇယားထဲမှာက ည(၈)နာရီကနေ (၉)နာရီကို စာဖတ်ဖို့ သတ်မှတ်ထားပေမဲ့လည်း အလုပ်ကိစ္စတစ်ခုကြောင့် (၈)နာရီခွဲမှ အားတယ်ဆိုရင် သင်အားတဲ့အချိန် (၈)နာရီခွဲ ကနေ (၉)နာရီခွဲအထိ ပြောင်းလဲသတ်မှတ်ပေးရမှာပါ။

အချိန်ဇယားဆွဲရာမှာလည်း တကူးတက ကွန်ပြူတာနဲ့ရိုက်ပြီး ပရင့်ထုတ်နေစရာမလိုပါဘူး။ သပ်သပ်ရပ်ရပ်နဲ့ အမြင်ရှင်းနေဖို့ပဲ လိုပါတယ်။ ဒါကြောင့် စာရွက်အလွတ်တစ်ရွက်ကိုယူပြီး အားလပ်ချိန်ကို အခြေခံထားတဲ့ အချိန်ဇယားလေးတစ်ခုကို ဆွဲပြီး အမြဲတမ်း မြင်နိုင်တွေ့နိုင်မယ့် နေရာမှာ ကပ်ထားပေးလိုက်ပါ။ အရင်နဲ့မတူဘဲ သိသိသာသာကြီး ပြောင်းလဲသွားမယ်ဆိုတာ စာရေးသူ ရဲရဲကြီး အာမခံပါတယ်။

လုပ်ချင်နေတဲ့ စိတ်ဆန္ဒသာရှိနေပြီး တကယ်မလုပ်ဖြစ်တဲ့ အရာတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့အတွက် ပထမဆုံးခြေလှမ်းတစ်ခုအနေနဲ့ နေ့စဉ်အချိန်ဇယားလေးတစ်ခုကို အခုပဲ ဖန်တီးထားလိုက်ဖို့ တိုက်တွန်းချင်ပါတယ်။

Paradise (ရိုးရာလေး)www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top