COVID-19 ‌ကို ကုသ၊ ကာကွယ်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတဲ့ remdesivir ဆေးကို စမ်းသပ်ထိုးနှံရာတွင် အောင်မြင်မှုမရခဲ့

intlyyl03.jpg

ကိုရိုနာဗိုင်းရပ်စ်ကို ကုသ၊ ကာကွယ်နိုင်မယ့် အလားအလာရှိတယ်လို့ ထင်ကြေးပေးခံထားရတဲ့ remdesivir ဆေးဟာ လူနာတွေကို စမ်းသပ်ထိုးနှံမှုအရ အောင်မြင်ခဲ့ခြင်းမရှိပါဘူး။ တရုတ်နိုင်ငံက remdesivir ဆေးကို စမ်းသပ်ရာမှာ မအောင်မြင်ခဲ့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) က မ‌တော်တဆ ထုတ်ပြန်ခဲ့မိတဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ remdesivir ဆေးဟာ လူနာတွေရဲ့ ကျန်းမာရေးအခြေအနေကို တိုးတက် ကောင်းမွန်စေခြင်းမရှိသလို သွေးကြောအတွင်း ရောဂါပိုးမွှား ပမာဏကိုလည်း လျှော့ချပေးနိုင်ခြင်းမရှိဘူးလို့ အဲဒီမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

remdesivir ဆေးကို အမေရိကန်လုပ်ငန်းစု Gilead Sciences က တီထွင်ဖန်တီးခဲ့တာဖြစ်ပြီး အစောပိုင်းက လူနာတွေကို အဲဒီဆေးပေးရာမှာ တစ်ပတ်အတွင်း ဆေးရုံက ပြန်ဆင်းနိုင်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံရဲ့စမ်းသပ်မှုအရ လူနာ ၂၃၇ ယောက်အနက် ၁၅၈ ယောက်ကို remdesivir ဆေး ထိုးနှံပေးပြီး တခြားသူ ၇၉ ယောက်ကို အာနိသင်မရှိတဲ့ Placebo ဆေးပြားတွေပဲ တိုက်ကျွေးခဲ့ပါတယ်။ (လူနာတွေက ဆေးထိုး၊ ဆေးသောက်မှ သက်သာမယ်လို့ ယုံကြည်စိတ်ပြင်းပြနေချိန်မှာ ပေးလေ့ရှိတဲ့ အာနိသင်မဲ့ ဆေးတစ်မျိုးကို Placebo ဆေးလို့ခေါ်ပါတယ်)။ တစ်လအကြာမှာ remdesivir ဆေးထိုးနှံတဲ့ လူနာ ၁၃.၉ ရာခိုင်နှုန်း သေဆုံးခဲ့ပြီး Placebo ဆေးသောက်သူ ၁၂.၈ ရာခိုင်နှုန်း ကွယ်လွန်ခဲ့ပါတယ်။ remdesivir ဆေးက ဘေးထွက်ဆိုးကျိုးတွေရှိလို့ စမ်းသပ်ထိုးနှံမှုကို ရပ်နားခဲ့တယ်လို့ ဆိုပါတယ်။

WHO က မတော်တဆ ဖော်ပြမိခဲ့တဲ့ မှတ်တမ်းတွေဟာ သူတို့ရဲ့သုတေသနကို လွဲမှားဖော်ပြခဲ့တယ်လို့ Gilead Sciences ကုမ္ပဏီက ပြောပါတယ်။ နောက်ပိုင်းမှာ WHO က အဲဒီမှတ်တမ်းတွေကို ပြန်လည်ဖြုတ်ချခဲ့ပါတယ်။ remdesivir ဆေးကို စမ်းသပ်ထိုးနှံမှု မအောင်မြင်ခဲ့ဘူးလို့ သတင်းထွက်ပေါ်ခဲ့ပြီးနောက်မှာ အမေရိကန်နိုင်ငံရဲ့ အဓိကစတော့ရှယ်ယာ အညွန်းကိန်း ၃ ခုလုံး တန်ဖိုး ၁ ရာခိုင်နှုန်းကျော် မြင့်တက်နေရာကနေ တန်ဖိုးပြန်ကျဆင်းခဲ့ပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top