အီတလီနိုင်ငံ ရောမမြို့မှာရှိတဲ့ ထရီဗီရေပန်းဟာ ၁၈ ရာစုကတည်းက ရှိနေတာဖြစ်ပြီး လာရောက်လည်ပတ်သူတွေက ကံကောင်းစေတယ်၊ ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံကြည်မှုကြောင့် ရေထဲကို အကြွေစေ့တွေပစ်ပြီး ဆုတောင်းလေ့ ရှိပါတယ်။
ဒီအကြွေစေ့တွေဟာ ပရဟိတအဖွဲ့တွေဆီ ရောက်သွားမယ်လို့ လူတွေက ထင်မှတ်ခဲ့ကြတာပါ။ ဒါပေမဲ့ ဒီရေပန်းမှာ အကြွေစေ့ ခိုးကောက်ပြီး တမနက်ခင်းကို ဒေါ်လာ ၁၀၀၀ လောက် အကျိုးအမြတ် ရခဲ့သူတစ်ဦး ရှိပါတယ်။ သူကတော့ ရောဘတ်တိုဆာဆယ်လက်တာ( မာဆယ်လိုလို့ လူသိများ)ပါပဲ။
မာဆယ်လိုဟာ ၁၉၆၈ ခုနှစ်ကစပြီး လုံခြုံရေးအစောင့်အကြပ်တွေနဲ့ အလည်လာသူတွေ မရောက်ခင် နံနက် အရုဏ်တက်ချိန်ဆိုရင် ရေပန်းထဲဝင်ပြီး သံလိုက်တုတ်ချောင်းနဲ့ အကြွေစေ့တွေ ခိုးကောက်လေ့ရှိပါတယ်။ သူဟာ ၃၄ နှစ်တိုင်တိုင် အကြွေစေ့ ခိုးကောက်ရာကနေ အကျိုးအမြတ် ရခဲ့ပြီး ၂၀၀၂ ခုနှစ်ကျမှ ရေပန်းထဲက အကြွေစေ့တွေနဲ့ပတ်သက်တဲ့ စည်းမျဉ်းတင်းကြပ်ခဲ့ပြီးမှသာ သူ့ကို မိခဲ့တာပါ။
အစောပိုင်းမှာ ရေပန်းထဲက အကြွေစေ့တွေကို ဘယ်သူပိုင်သလဲဆိုတာနဲ့ပတ်သက်လို့ တိကျခိုင်မာတဲ့ ဥပဒေမရှိခဲ့ပါဘူး။ သူက ဆင်းရဲသားဖြစ်ပြီး စားသောက်ရှင်သန်ဖို့ ငွေကြေးလိုအပ်တာကြောင့် အကြွေစေ့တွေ ကောက်ခဲ့တာလို့ မာဆယ်လိုက ဆိုပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ သူ့ကို ရေပန်းဆီ လာခွင့် ပိတ်ပင်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာတော့ ကွယ်လွန်သွားခဲ့ပါတယ်။
ဒီနေ့အချိန်မှာတော့ ထရီဗီရေပန်းကနေ ကောက်ယူရရှိတဲ့ အကြွေစေ့ပမာဏဟာ တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁.၅ သန်းကျော် ရှိနေပြီး (နွမ်းပါးသူတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ကက်သလစ် ပရဟိတအဖွဲ့ ) ကာရီတက်စ်ထံ ပေးအပ်လျက် ရှိပါတယ်။
Ref: Trevi Fountain and Roberto Cercelletta
NZ (ရိုးရာလေး)

