အပူပိုင်းမုန်တိုင်းတိုက်ခတ်ပြီး မြေပြို၊ ရေကြီးလို့ ဖိလစ်ပိုင်မှာ အနည်းဆုံး လူ ၁၆၇ ယောက် သေဆုံး

7-4-2022-yyl13.jpg

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်း မက်ဂီ(Megi) ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၁၆၇ ယောက် သေဆုံးခဲ့ပါတယ်။ မုန်တိုင်းဒဏ်ခံရသူ ၁.၉ သန်းအထိ ရှိခဲ့ပြီး လူ ၁၁၀ ပျောက်ဆုံးနေတယ်လို့ ဖိလစ်ပိုင်နိုင်ငံ အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီက ပြောပါတယ်။

လေတီပြည်နယ် ဘေဘေမြို့နားတစ်ဝိုက်က ရွာတွေဟာ မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး တောင်စောင်းပြိုကျတာ၊ မြစ်ရေလျှံတာတွေ ကြုံခဲ့ရပါတယ်။ ပီလာရွာမှာ နေအိမ် ၈၀ ရာခိုင်နှုန်းအထိ ပင်လယ်ထဲ မျောပါခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗာအိုပြည်နယ်၊ မင်ဒါနာအိုပြည်နယ်နဲ့ အလယ်ပိုင်း နီဂရို့စ်အိုရီယန်တယ်ပြည်နယ်တွေမှာလည်း လူသေဆုံးမှုတွေ ရှိခဲ့ပါတယ်။ ဒေသတွင်းမှာ အဂ္ဂါတန်လို့ ခေါ်ဆိုကြတဲ့ အပူပိုင်းမုန်တိုင်း မက်ဂီ တိုက်ခိုက်ချိန်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၄၀ အထိ ရှိခဲ့လို့ လူအများအပြားက နေအိမ်တွေကို စွန့်ခွာပြီး ကုန်းမြင့်ပိုင်းတွေကို သွားရောက်ခိုလှုံခဲ့ရပါတယ်။

ပျမ်းမျှအားဖြင့် တစ်နှစ်ကို မုန်တိုင်းအလုံး ၂၀ လောက် တိုက်ခတ်လေ့ရှိတဲ့ ဖိလစ်ပိုင်နိုင်ငံအတွက် ၂၀၂၂ ခုနှစ်အတွင်း ပထမဆုံးမုန်တိုင်းတိုက်ခတ်မှု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စူပါတိုင်ဖွန်းမုန်တိုင်း ရိုင်(Rai)ကြောင့် ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ပိုင်းကျွန်းတွေ ထိခိုက်ပျက်စီးခဲ့ပြီး အနည်းဆုံး လူ ၃၇၅ ယောက် သေဆုံးခဲ့ပါတယ်။ မုန်တိုင်းဘေးသင့်သူ ၅ သိန်းလောက်ရှိခဲ့တဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရိုင်ဟာ ၂၀၂၁ ခုနှစ်အတွင်း အဆိုးရွားဆုံးမုန်တိုင်း ဖြစ်ခဲ့ပြီး မုန်တိုင်း အားကောင်းလာမှုနှုန်းက ထင်ထားတာထက် ပိုမြန်ခဲ့တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

လူသားတွေရဲ့လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုဟာ အပူပိုင်းမုန်တိုင်းတွေကို ပိုအားကောင်း၊ ပြင်းထန်လာစေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၀၆ ခုနှစ်ကတည်းက လူသေဆုံးစေတဲ့ မုန်တိုင်းတိုက်ခတ်မှုတွေ ကြုံခဲ့ရပြီး တည်နေရာ အနေအထားကြောင့် ရာသီဥတုဆိုင်ရာ ကပ်ဘေးတွေ ကြုံရတဲ့အခါ အထိအနာဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်နေပါတယ်။

Ref: BBC ” Tropical Storm Megi: Landslides and floods kill 167 in Philippines “

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top