မိုနာလီဇာ ရဲ့ သဘာဝအလှတရားကို ဒါဗင်ချီ ထပ်မံရေးဆွဲခဲ့လေသလား

mona0.jpg

ဂန္ထဝင် ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci) ရဲ့ မိုနာလီဇာ (Mona Lisa) ပန်းချီကားကိုတော့ အားလုံးရင်းနှီးထားပြီးသား ဖြစ်ပါလိမ့်မယ်။ မိုနာလီဇာ ပန်းချီကားပုံစံမျိုး ပညာရှင်တွေအတွက် အငြင်းပွားစရာအဖြစ် နောက်ထပ်ပြောစရာဖြစ်စေခဲ့တာက သုတေသနလေ့လာမှုတွေအကြိမ်ကြိမ်ပြုလုပ်ပြီး စူးစမ်းခဲ့ရတဲ့ မိုနာဗန်နာ (Monna Vanna) ပန်းချီကားဖြစ်ပါတယ်။

မိုနာဗန်နာဟာ အနုပညာအမြင်အရ Nude Art လို့ခေါ်တဲ့ အမျိုးသမီးရဲ့ကိုယ်အပေါ်ပိုင်း သဘာဝအလှတရားကို ရေးဆွဲထားခဲ့တာပါ။ ဒီပန်းချီကားက မိုနာလီဇာပန်းချီလက်ရာနဲ့ အတော်လေးဆင်တူစွာ ရှိနေပါတယ်။ အစကတော့ ပညာရှင်တွေက Monna Vanna ကို ဒါဗင်ချီနဲ့ခေတ်ပြိုင် ပန်းချီဆရာတစ်ဦးရဲ့လက်ရာလို့ သတ်မှတ်ထားခဲ့ကြတာပါ။

ဒါပေမဲ့ အခု လက်ရှိအချိန်မှာတာ့ Monna Vanna ပန်းချီကားကို ဒါဗင်ချီကိုယ်တိုင်သာလျှင် ရေးဆွဲခဲ့ပုံရတယ်လို့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာတည်ရှိတဲ့ Louvre ပြတိုက်က ကျွမ်းကျင်ပညာရှင်တွေရဲ့ တွက်ဆခန့်မှန်းမှုတွေရှိလာခဲ့တာမို့ စိတ်ဝင်စားစရာကောင်းနေပါတယ်။

မိုနာဗန်နာဟာ ဆီဆေးပန်းချီရေးဖို့ရာ ပုံကြမ်းအဆင့်ရေးဆွဲထားတဲ့ အခြေအနေမှာသာ ရှိသေးတယ်လို့ သုတေသီတွေကအဖြေထုတ်ထားကြသလို ကမ္ဘာကျော် မိုနာလီဇာ ပန်းချီကားနဲ့ ဆင်တူစွာပဲ ပါဝင်သူအမျိုးသမီးရဲ့ လက်ဟန်အနေအထားနဲ့ ကိုယ်ဟန်အမူအရာ ကို မြင်တွေ့ရမှာဖြစ်တယ်။

နောက်တစ်ချက်က အစပိုင်းမှာ ညာသန်ပန်းချီဆရာတစ်ယောက်ရဲ့လက်ရာမျိုးလို့ မှတ်ယူခဲ့ကြပေမယ့် သက်သေအထောက်အထားအနေနဲ့ ပညာရှင်တွေအတွက် သတိမူစရာဖြစ်ခဲ့တာက Monna Vanna ရဲ့ ရေးဆွဲထားပုံဟာ ဘယ်ဘယ်အပေါ်ထောင့်က စတင်ပြီး ညာဘက်အောက်ခြေကို ဆင်းသက်သွားတဲ့ အသွားအလာမျိုးဖြစ်နေတာပါ။

ဒါကြောင့် ဘယ်သန်ပန်းချီဆရာတစ်ယောက် ရေးဆွဲထားပုံရတယ်လို့ ကောက်ချက်ချစရာဖြစ်ခဲ့ပြီး ဘယ်သန်ပန်းချီဆရာကြီးအဖြစ် ကမ္ဘာကျော်လူသိများခဲ့တဲ့ ဒါဗင်ချီရဲ့လက်ရာဖြစ်တယ်လို့ နီးနီးစပ်စပ် သုံးသပ်နိုင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီပန်းချီကားထဲမှာ ဒါဗင်ချီရေးဆွဲလေ့ရှိတဲ့ “sfumato” ပန်းချီနည်းစနစ်ကိုပါ တွေ့ရှိခဲ့ရတာကလည်း ထည့်သွင်းစဉ်းစားစရာတစ်ချက်ပါပဲ။

ပါရီရဲ့ Louvre ပြတိုက်မှူးကြီးဖြစ်တဲ့ Mathieu Deldicque ဟာ ၂၀၁၇ ခုနှစ်က ဒီပန်းချီကိုလေ့လာခဲ့ရာမှာ မိုနာလီဇာ နဲ့ မိုနာဗန်နာ ပန်းချီကားတွေမှာ ပါဝင်သူအမျိုးသမီးဟာ Lisa Gherardini ဆိုသူ အမျိုးသမီး တစ်ယောက်တည်းသာ ဖြစ်နိုင်ကြောင်း ယူဆခဲ့ပါတယ်။

“ဒီပန်းချီကားက ဒါဗင်ချီရေးဆွဲခဲ့တယ်ဆိုတာ တော်တော်ခိုင်မာတဲ့ဖြစ်နိုင်ခြေတစ်ခုပါပဲ။ သူကိုယ်တိုင်ပဲ ပန်းချီကားအစိတ်အပိုင်းအများစုကို ရေးဆွဲခဲ့ပုံရပါတယ်။ အလွန်ကိုအရည်အသွေးမြင့်ပါတယ်။ ဆီဆေးမရေးခင် ပုံကြမ်းအရင်ချထားခဲ့တဲ့ပန်းချီလို့ ယုံကြည်ရပါတယ်။ ” လို့ သူက AFP နဲ့ အင်တာဗျူးမှာ ပြောပြသွားခဲ့တယ်။

အနုပညာလက်ရာကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Bruno Mottin (ဘရုနို မော့တင်) ကလည်း ဒီပန်းချီကားလက်ရာရဲ့သက်တမ်းဟာ ဒါဗင်ချီရဲ့သက်တမ်းနဲ့လည်း ထပ်တူညီမှုရှိကြောင်း အတည်ပြုထောက်ခံသွားခဲ့ပါသေးတယ်။ သို့ပေမယ့် ပညာရှင်တွေဘက်က ဒါကို ဒါဗင်ချီရဲ့လက်ရာအနေနဲ့ ရာနှုန်းပြည့်သေချာမှုရှိတယ်လို့ အတပ်ပြောဖို့ရာတော့ ခဲယဉ်းနေတုန်းပါပဲ။

၂၀၁၉ အတွင်း ဒါဗင်ချီ နှစ် (၅၀၀) ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပမယ့် အနုပညာပြပွဲအဖြစ် ပါရီမြို့မြောက်ပိုင်းက Château de Chantilly ပန်းချီပြခန်းမှာ ဇွန်လ (၁) ကနေ အောက်တိုဘာ (၆) အတွင်း မိုနာဗန်နာပန်းချီကားကို ထည့်သွင်းပြသသွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

Ref: Independent ” Nude ‘Mona Lisa’ painting may be by Leonardo da Vinci, says Louvre “
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top