ကမ္ဘာ့သမိုင်းတစ်လျှောက် မှားယွင်းပစ်ချခံခဲ့ရတဲ့ အရပ်ဘက်ဆိုင်ရာလေယာဉ်များ

111202001.jpg

လူ ၁၇၆ ယောက်လိုက်ပါလာတဲ့ ယူကရိန်းခရီးသည်တင်လေယာဉ်ကို မှားယွင်းပစ်ချမိခဲ့တယ်လို့ အီရန်နိုင်ငံက ဝန်ခံလိုက်ပါပြီ။ အမေရိကန်နဲ့ အီရန်ကြား တင်းမာမှုတွေ မြင့်မားနေချိန်မှာ ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်းရဲ့ ခရီးသည်တင်လေယာဉ် ပစ်ချခံခဲ့ရတာပါ။ အရင်တုန်းကလည်း ပဋိပက္ခတွေ၊ တင်းမာမှုတွေ ဖြစ်ပွားနေချိန်မှာ အရပ်ဘက်ဆိုင်ရာ လေယာဉ်တွေ ပစ်ချခံခဲ့ရတဲ့ အဖြစ်ဆိုးတွေ ရှိခဲ့ဖူးပါတယ်။

အမေရိကန်နိုင်ငံက အီရတ်ကို ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ၂၀၀၃ ခုနှစ်မှာ အီရတ်နိုင်ငံ ဘဂ္ဂဒက်လေဆိပ်ကနေ ထွက်ခွာလာတဲ့ DHL ကုန်တင်လေယာဉ်ဟာ မြေပြင်ပစ် ဒုံးကျည် ထိမှန်ခဲ့လို့ အရေးပေါ်ဆင်းသက်ခဲ့ရဖူးပါတယ်။ ဒီဖြစ်ရပ်မှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပါဘူး။

၁၉၈၈ ခုနှစ်မှာ အမေရိကန်ရေတပ်ရဲ့ ဒုံးကျည်တပ်ဆင်ထားတဲ့ စစ်သင်္ဘော(U.S.S. Vincennes)က ပါရှန်းပင်လယ်ကွေ့ပေါ်မှာ ပျံသန်းနေတဲ့ အီရန်နိုင်ငံရဲ့ Air Airbus A300 လေယာဉ်ကို ပစ်ချခဲ့လို့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၉၀ သေဆုံးခဲ့ပါတယ်။ Iran Air Airbus A300 ခရီးသည်တင်လေယာဉ်ကို အီရန်တိုက်လေယာဉ်နဲ့မှားယွင်းပစ်ချမိခဲ့တာလို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

၂၀၀၁ ခုနှစ်က ပင်လယ်နက်ပေါ်မှာ ပျံသန်းနေတဲ့ ဆိုက်ဘေးရီးယားလေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စင်းကို ယူကရိန်းလေကြောင်းကာကွယ်ရေးစခန်းက မတော်တဆ ပစ်ချခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၇၈ ယောက် သေဆုံးခဲ့ပါတယ်။ ယူကရိန်းတပ်ဖွဲ့ဟာ စစ်ရေးလေ့ကျင့်မှုအဖြစ် ဒရုန်းတစ်စင်းကို ပစ်မှတ်လိုသဘောထားပြီး ဒုံးကျည်နှစ်စင်းနဲ့ ပစ်ခတ်ခဲ့ရာမှာ ဒုံးကျည်တစ်စင်းက ပစ်မှတ်ကို မိုင် ၁၅၀ ကျော်လွန်ပြီး ဆိုက်ဘေးရီးယားလေယာဉ်နားမှာ ပေါက်ကွဲခဲ့လို့ ပင်လယ်ထဲကို လေယာဉ်ပျက်ကျခဲ့ရတာလို့ ရုရှားနိုင်ငံရဲ့ စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဇူလိုင်လမှာ လူ ၂၉၈ ဦး လိုက်ပါလာတဲ့ မလေးရှားလေကြောင်းလိုင်းရဲ့ MH-17 လေယာဉ် ပစ်ချခံခဲ့ရပါတယ်။ အဲဒီလေယာဉ်ကို ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ လက်နက်ကိုင် တွေ ထိန်းချုပ်ထားတဲ့ ပိုင်နက်ထဲကနေ ရုရှားနိုင်ငံထုတ် Buk ဒုံးကျည်(မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်)နဲ့ ပစ်ချခဲ့တာလို့ ဆိုပါတယ်။ လေယာဉ်ပစ်ချခံခဲ့ရတဲ့ဒေသဟာ ရုရှားနိုင်ငံကိုလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းစစ်တပ်ကြား ပဋိပက္ခဖြစ်ပွားနေတဲ့နေရာပါ။ မလေးရှားလေကြောင်းလိုင်းရဲ့ဘိုးရင်း ၇၇၇ လေယာဉ် ပစ်ချမခံရခင် ရက်ပိုင်းအလိုကလည်း စစ်လေယာဉ် နှစ်စင်း ပစ်ချခံခဲ့ရတယ်လို့ နိုင်ငံတကာအဖွဲ့က ကောက်ချက်ချခဲ့ပါတယ်။

၁၉၈၃ ခုနှစ် စက်တင်ဘာလ ၁ ရက်မှာ လမ်းကြောင်းသွေဖည်ပြီး ဆိုဗီယက်ပြည်ထောင်စုရဲ့ ပိုင်နက်ပေါ်ကနေ ဖြတ်ကျော်ပျံသန်းခဲ့တဲ့ ကိုရီးယားလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် ၀၀၇ လေယာဉ်ကို ဆိုဗီယက်တိုက်လေယာဉ်က ပစ်ချခဲ့လို့ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၂၆၉ ယောက် သေဆုံးခဲ့ပါတယ်။ ဒီလေယာဉ်က သူလျှိုလုပ်နေတဲ့လေယာဉ်လို့ ဆိုဗီယက် ပြည်ထောင်စုက စွပ်စွဲခဲ့ပေမဲ့ အမေရိကန်က ငြင်းဆန်ခဲ့ပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ ဆိုဗီယက်ပြည်ထောင်စုက အိုကော့စ်ပင်လယ်မှာ အဲဒီလေယာဉ်ရဲ့ black box ကို ရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့ပါဘူး။ ၁၉၇၈ ခုနှစ်မှာလည်း ကိုရီးယားလေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် ၉၀၂ လေယာဉ်ကို ဆိုဗီယက်လေကြောင်းကာကွယ်ရေးအဖွဲ့က ပစ်ချခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ် မှာတော့ လူ ၂ ယောက်ပဲ သေဆုံးခဲ့ပြီး လူ ၁၀၇ ယောက် အသက်ရှင်ခဲ့ပါတယ်။

၁၉၈၀ ပြည့်နှစ် ဇွန်လ ၂၇ ရက်မှာ Itavia လေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် ၈၇၀ လေယာဉ်ကို စစ်လေယာဉ်တစ်စင်းက ဒုံးကျည်နဲ့ပစ်ချခဲ့လို့ လေယာဉ်ပေါ်လိုက်ပါလာသူ ၈၁ ယောက်လုံး သေဆုံးခဲ့ပါတယ်။ အီတလီနိုင်ငံ ဘိုလော့နာမြို့ကနေ စစ္စလီကျွန်းပေါ်က ပါလာမိုမြို့ကို ပျံသန်းနေတဲ့ လေယာဉ်ဟာ တိုင်ရာဟီနီရန်ပင်လယ်ထဲကို ပျက်ကျခဲ့တာပါ။

ဇင်ဘာဘွေနိုင်ငံ(အရင်တုန်းက ရိုဒီရှားလို့ ခေါ်ဆို)ရဲ့ လက်နက်ကိုင်တွေဟာ ကာရီဘာလေဆိပ်ကနေ ပျံတက်လာတဲ့ လေယာဉ်(၂)စင်းကို ပစ်ချခဲ့ဖူးပါတယ်။ ပျံတက်ပြီး (၅)မိနစ်အတွင်းမှာပဲ အဲဒီလေယာဉ်တွေ ပစ်ချခံခဲ့ရတာပါ။ ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့နဲ့ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွေမှာ ရိုဒီရှားလေကြောင်းလိုင်းရဲ့ လေယာဉ် နှစ်စင်း ပစ်ချခံခဲ့ရပြီး အဲဒီ ဖြစ်ရပ်တွေမှာ လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။ လက်နက်ကိုင်တွေက ဆိုဗီယက်နိုင်ငံထုတ် အပူချိန်အာရုံခံဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ဖွယ်ရှိတယ်လို့ ယူဆထားကြပါတယ်။

၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်မှာ လစ်ဗျားနိုင်ငံ ထရီပိုလီမြို့ကနေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ပျံသန်းနေတဲ့ လစ်ဗျားအာရပ်လေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် ၁၁၄ လေယာဉ်ကို ဆိုင်းနိုင်းသဲကန ္တာရပေါ်မှာ အစ္စရေးတိုက်လေယာဉ်က ပစ်ချခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ခရီးသည် ၁၁၃ ယောက်အနက် ၅ ယောက်ပဲ အသက်ရှင်ခဲ့ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှု အန ္တရာယ်စိုးရိမ်ရတဲ့အတွက် အဲဒီလေယာဉ်ကို ပစ်ချခဲ့တာလို့ အစ္စရေးနိုင်ငံက ပြောပါတယ်။

၁၉၅၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကနေ အစ္စရေးနိုင်ငံ တဲအဗစ်မြို့ကို ပျံသန်းနေတဲ့ El Al လေကြောင်းလိုင်းရဲ့ လေကြောင်းအမှတ် ၄၀၂ လေယာဉ်ကို ဘူလ်ဂေးရီးယား တိုက်လေယာဉ်တွေက ပစ်ချခဲ့ပါတယ်။ အဲဒီလေယာဉ်ဟာ မုန်တိုင်းတိုက်နေချိန်အတွင်း ဘူလ်ဂေးရီးယားလေပိုင်နက်ထဲ ဖြတ်ကျော်ဝင်ရောက်မိခဲ့တာပါ။ အဲဒီဖြစ်ရပ်ကြောင့် လေယာဉ်ပေါ် လိုက်ပါလာသူ ၅၈ ယောက်လုံး သေဆုံးခဲ့ပါတယ်။ နိုင်ငံတကာရဲ့ဖိအားပေးမှုကြောင့် ဘူလ်ဂေးရီးယားနိုင်ငံက(ထိုစဉ်က ဆိုဗီယက်ပြည်ထောင်စုတွင် ပါဝင်) အစ္စရေးကို အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ လျှော်ကြေးပေးခဲ့ပါတယ်။

၁၉၅၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က ဟောင်ကောင်မြို့(ထိုစဉ်က ဗြိတိန်နိုင်ငံ ပိုင်နက်ဖြစ်သည်)မှာ အခြေစိုက်တဲ့ Cathay Pacific လေကြောင်းလိုင်းရဲ့ လေယာဉ်ကို တရုတ်တိုက်လေယာဉ် တွေက ပစ်ချခဲ့ပါတယ်။ ဗြိတိန်နိုင်ငံထုတ် DC-3 Skymaster လေယာဉ်ပေါ် လိုက်ပါလာသူ ၁၈ ယောက်အနက် ၁၀ ယောက် သေဆုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ပျံသန်း လာခဲ့တဲ့ အဲဒီလေယာဉ်ကို တရုတ်(တိုင်ပေ)တိုက်လေယာဉ်လို့ လွဲမှားယူဆပြီး ပစ်ချခဲ့တယ်လို့ တရုတ်နိုင်ငံက ဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်အတွက် နောက်ပိုင်းမှာ ပြန်တောင်းပန်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top