Ultima Thule (သို့) New Horizons အာကာသယာဉ်ရဲ့ စူးစမ်း ဖော်ထုတ်မှု အသစ်

ultima-thule-photos.jpg

လေ့လာဖော်ထုတ်ဖူးသမျှထဲမှာ အဝေးဆုံးမှာရှိနေတဲ့ အရာလို့ ဆိုရမယ့် အရာဝတ္ထုကို ချဉ်းကပ် ပျံသန်းခဲ့ပြီးတဲ့နောက်မှာတော့ New Horizons အာကာသယာဉ်ဟာ ပထမဆုံး ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေနဲ့ သိပ္ပံဆိုင်ရာ အချက်အလက်တွေကို ကမ္ဘာမြေဆီ ပြန်လည်ပေးပို့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေကို အရာဝတ္ထုကနေ မိုင်ပေါင်း ၁၇,၀၀၀ အကွာက နီးကပ်စွာ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး ရိုက်ကူးခဲ့တဲ့ အရာကတော့ စက်လုံးနှစ်ခုတွဲ ပုံသဏ္ဍာန် “Ultima Thule” လို့ခေါ်တဲ့ အရာဝတ္ထုတစ်ခုပဲ ဖြစ်ပါတယ်။ အစွန်းတစ်ဘက်ကနေ တစ်ဘက်ကို အလျား ၁၉ မိုင်ရှိတဲ့ အဲဒီ အရာဝတ္ထုရဲ့ ပိုကြီးတဲ့အပိုင်းကို “Ultima” ပိုသေးတဲ့အပိုင်းကို “Thule” လို့ လေ့လာမှု ပြုနေတဲ့အဖွဲ့က အမည်ပေးထားကြတာပါ။

ဒီ အစိတ်အပိုင်း နှစ်ခုဟာ နေအဖွဲ့အစည်း ဖြစ်ပေါ်ချိန်လောက်ကတည်းက ကားနှစ်စီး တိုက်မိတာထက် မပိုတဲ့ အရှိန်လောက်နဲ့ တိုက်မိခဲ့ကြပြီး ၉၉% လောက် ပေါင်းစပ်မိခဲ့တာ ဖြစ်တယ်လို့ လေ့လာရေးအဖွဲ့က ဆိုထားပါတယ်။ ဒီလိုမျိုး ပေါင်းမိသွားမှုဟာ သေးငယ်ပြီး အေးခဲနေတဲ့ အရာဝတ္ထုတွေများစွာ စုဝေး လှည့်ပတ်နေကြရာကနေ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ နောက်ဆုံး ကျန်ရစ်ခဲ့တဲ့ အကြီးဆုံးအပိုင်းနှစ်ခု တဖြည်းဖြည်းချင်း အပြန်အလှန် လှည့်ပတ်နေကြရင်း နီးကပ်ပေါင်းစည်းမိပြီး အခု မြင်တွေ့ရတဲ့ပုံစံ ဖြစ်သွားခဲ့တာပါ။

အခုလေ့လာတွေ့ရှိတဲ့ “Ultima Thule” က ကျွန်တော်တို့ရဲ့ နေအဖွဲ့အစည်းအပြင် နဂါးငွေ့တန်းထဲမှာ လှည့်ပတ်သွားနေတဲ့ ကြယ်တွေ ဘယ်လိုဖြစ်တည်လာခဲ့ကြတယ်ဆိုတာကို လေ့လာဖို့ များစွာ အကူအညီရသွားစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ New Horizons ဟာ အရည်အသွေးပိုကောင်းတဲ့ ဓာတ်ပုံတွေကို နှစ်သစ်ကူးနေ့တုန်းက ထပ်မံပေးပို့ထားခဲ့သေးပြီး လာမယ့်လပိုင်း (သို့) သီတင်းပတ်တွေအတွင်းမှာ ကမ္ဘာဆီကို ရောက်ရှိလာနိုင်မယ်လို့လည်း သိရပါတယ်။

Ref: NASA

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top