စိတ်နဲ့ထိန်းချုပ်လို့ရတဲ့လက်အတုကို ထီထွင်ခဲ့တဲ့ ဆယ်ကျော်သက်လေး

9-5-2022-yyl22.jpg

ဘန်ဂျမင် ချွိုက် (Benjamin Choi) ဆိုတဲ့ အမေရိကန်လူမျိုးအထက်တန်းကျောင်းသားလေးတစ်ယောက်ဟာ စိတ်နဲ့ ထိန်းချုပ်လို့ရတဲ့ တန်ဖိုးနည်းလက်အတုကို တီထွင်ခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ဘန်ဂျမင်က သုတေသီတွေဟာ အတွေးနဲ့စက်ရုပ်လက်ကို ရွေ့လျားနိုင်မယ့် အလွန်သေးငယ်တဲ့အာရုံခံကိရိယာတွေကို လူနာရဲ့ဉီးနှောက်ထဲ ထည့်သွင်းခဲ့တဲ့ 60 Minutes တီဗီအစီအစဉ်ကို ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ အခုလို တီထွင်ဖြစ်ခဲ့တာပါ။ ဘန်ဂျမင်ကတော့ သုတေသီတွေရဲ့အဲဒီနည်းပညာထက် ပိုကောင်းတဲ့ဖြေရှင်းနည်းရှိနိုင်တယ်လို့ ယုံကြည်ခဲ့တာပါ။

ဘန်ဂျမင်ဟာ သုတေသီတွေရဲ့နည်းပညာက အရမ်းအထင်ကြီးစရာကောင်းတဲ့အတွက် အဲဒီအချိန်က တအံ့တဩဖြစ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဒီနည်းပညာက ဉီးနှောက်ခွဲစိတ်မှုလုပ်ရတဲ့အတွက် အန္တရာယ်များတယ်။ ဒေါ်လာ ထောင်ချီကုန်ကျတဲ့အတွက် လူတွေ မတက်နိုင်လောက်ဘူးလို့ သူ တွေးမိခဲ့တယ်။

ဘန်ဂျမင်က သူ့ရဲ့ပညာရေးတစ်လျှောက် စက်ရုပ်တည်ဆောက်တာနဲ့ ကုဒ်ရေးတာတွေမှာ အတွေ့အကြုံရှိခဲ့ပါတယ်။ Computer Programming ဘာသာစကားတွေကိုလည်း သူ့ဘာသာ လေ့လာသင်ယူခဲ့ပါတယ်။ ၂၀၂၀ခုနှစ်ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့ချိန်မှာ သူက တန်ဖိုးနည်းလက်တုကို ဖန်တီးကြည့်ဖို့ အချိန်ရခဲ့ပါတယ်။

သူ့အစ်မရဲ့ ဩစတြေးလျဒေါ်လာ ၁၀၀ တန် Printer ကို အသုံးပြုခဲ့တာပါ။ လက်ကို အစိတ်အပိုင်းသေးသေးလေးတွေအဖြစ် ပြုလုပ်ဖို့အတွက် ငါးမျှားကြိုးတချို့ကိုလည်း အသုံးပြုခဲ့ပါတယ်။ အဲဒီနောက် အစိတ်အပိုင်းတစ်ခုစီကို ရာဘာကြိုးနဲ့ တွဲချည်ခဲ့တယ်။ ဘန်ဂျမင်က အင်ဂျင်နီယာလုပ်ငန်းအဆင့်မီပစ္စည်းတွေနဲ့ ပြုလုပ်ထားပြီး လေးတန်အထိ ခံနိုင်ရည်ရှိတဲ့ သူ့ရဲ့ဒီဇိုင်းကို ရရှိဖို့ ၇၅ ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ရပါတယ်။

သူ့ရဲ့လက်တုဒီဇိုင်းက လက်ကို ထိန်းချုပ်ဖို့အတွက် ဉီးနှောက်ခွဲစိတ်တာထက် အသုံးပြုသူရဲ့ဉီးနှောက်လှိုင်းကို အဓိပ္ပာယ်ကောက်ယူတဲ့ ဉာဏ်ရည်တု (A.I) လုပ်နည်းစနစ်ကို အသုံးပြုထားပါတယ်။ ဉီးခေါင်းမှာရှိတဲ့ အာရုံခံကိရိယာတွေကတဆင့် ဉီးနှောက်ရဲ့လျှပ်စစ်ဆိုင်ရာလှုပ်ရှားမှုကို မှတ်တမ်းတင်တဲ့ Electroencephalography (EEG) ကိုလည်းအသုံးပြုထားပါတယ်။ EEG ကို ဝက်ရူးပြန်ရောဂါ (သို့) ဉီးနှောက်ချို့ယွင်းမှုကို စစ်ဆေးဖို့ မကြာခဏ အသုံးပြုလေ့ရှိကြပါတယ်။

အာရုံခံကိရိယာတွေက ဉီးနှောက်လှိုင်းလှုပ်ရှားမှုကို ကောက်ယူပြီး Bluetooth ကတဆင့် လက်တုမှာရှိတဲ့ microchip (လျှပ်စီးပတ်လမ်းဖွဲ့စည်းတည်ဆောက်ထားတဲ့ အလွန်ပါးလွှာတဲ့ စီလီကွန်) ထဲ ပေးပို့ပါတယ်။ လက်တုကို ဉီးခေါင်းလှုပ်ရှားမှုနဲ့ ရွေ့လျားပြီး Intentional blink (အမြင်အာရုံစူးစိုက်မှုကို အသုံးပြုနိုင်စွမ်းမှာ ယာယီကန့်သတ်မှုကို ထင်ဟပ်စေတဲ့ ဖြစ်စဉ်တစ်ခု) နဲ့ ရပ်တန့်ပါတယ်။

ဘန်ဂျမင်က အရွယ်ရောက်ပြီးသူ စေတနာ့ဝန်ထမ်း (၆) ဉီးနဲ့အတူ လုပ်ကိုင်ခဲ့ပြီး သူတို့ရဲ့လက်တွေ ဆုပ်တာ၊ ဖြန့်တာတွေအပေါ် အာရုံစိုက်ခိုင်းရင်း သူတို့ရဲ့ဉီးနှောက်လှိုင်းဒေတာတွေကို စုဆောင်းခဲ့ပါတယ်။ ဘန်ဂျမင်ရဲ့လက်တုတန်ဖိုးက အမေရိကန်ဒေါ်လာ ၃၀၀ (ဩစတြေးလျဒေါ်လာ ၄၅၀) ပဲ ရှိပါတယ်။

ဘန်ဂျမင်က သူ့ရဲ့လုပ်နည်းစနစ်ကို ခြေတုလက်တုတွေတင်မဟုတ်ဘဲ ဝှီးချဲလို ပစ္စည်းတွေကို ထိန်းချုပ်တာနဲ့ Amyotrophic Lateral Sclerosis ဉီးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါသည်တွေကို ကူညီတာတွေမှာ အသုံးပြုနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဘန်ဂျမင်ရဲ့တီထွင်မှုက အမေရိကန်ပြည်ထောင်စုရဲ့Redgeneron Science Talent Search ပြိုင်ပွဲရဲ့ထိပ်ဆုံးအယောက် ၄၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Ref: Ladbible “High School Student Invents A Low-Cost, Mind-Controlled Robotic Arm”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top