ပြည်ပကျောင်းသားတွေကို မိခင်နိုင်ငံထံ ပြန်ပို့မယ့်အစီအစဉ်ကို အမေရိကန်အစိုးရ ရုပ်သိမ်း

15-7-2020-yyl-007.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အွန်လိုင်းကနေ ပညာသင်ကြားရမယ့် ပြည်ပကျောင်းသားတွေကို မိခင်နိုင်ငံတွေထံ ပြန်ပို့မယ့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်ပါပြီ။ အဲဒီမူဝါဒကို ကြေညာပြီး တစ်ပတ်အကြာမှာ အမေရိကန်အစိုးရက ပြန်ရုပ်သိမ်းခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံကို လာရောက် ပညာသင်ကြားတဲ့ ပြည်ပကျောင်းသား၊ ကျောင်းသူ တော်တော်များများရှိပြီး တက္ကသိုလ်တွေအတွက် အဓိကဝင်ငွေရင်းမြစ်တစ်ရပ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လက စာသင်နှစ်ဝက်ပြီးဆုံးချိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မြင့်တက်လာလို့ ပြည်ပ ကျောင်းသားတွေက သူတို့နိုင်ငံတွေဆီ ပြန်ခဲ့ကြပါတယ်။ တကယ်လို့ သူတို့ရဲ့တန်းခွဲတွေကို အွန်လိုင်းတန်းခွဲအဖြစ် ပြောင်းလဲသင်ကြားမယ်ဆိုရင် မိခင်နိုင်ငံထံ ပြန်သွားတဲ့ ကျောင်းသားတွေကို အမေရိကန်နိုင်ငံထံ ပြန်လာခွင့်မပြုဘူး၊ စာသင်ခန်းထဲမှာ သင်ကြားရတဲ့ တန်းခွဲမှာမတက်ရင် သူတို့ကို အမေရိကန်နိုင်ငံမှာ ဆက်နေခွင့်မပေးဘူးလို့ အမေရိကန်အစိုးရက ဆိုခဲ့ပါတယ်။

နောက် ၂ ရက်အကြာမှာတော့ အဲဒီအစီအစဉ်နဲ့ပတ်သက်ပြီး မက်ဆာချူးဆက်နည်းပညာသိပ္ပံ(MIT)နဲ့ ဟားဗတ်တက္ကသိုလ်က အစိုးရကို တရားစွဲခဲ့ပါတယ်။ အခုအချိန်မှာတော့ အဲဒီကိစ္စအတွက် ပြေလည်သွားပြီလို့ မက်ဆာချူးဆက်ပြည်နယ် ခရိုင်တရားသူကြီး အလစ်ဆန်ဘာရောက်က ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လက ရေးဆွဲခဲ့တဲ့ မူဝါဒကို ပြန်လည်ပုံဖော်ဖို့ သဘောတူညီခဲ့တာပါ။ အဲဒီမူဝါဒအရ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေချိန်မှာ လိုအပ်လာရင် နိုင်ငံတကာကျောင်းသားတွေကို အွန်လိုင်းကနေ ပညာသင်ကြားစေမှာဖြစ်ပေမဲ့ ကျောင်းသားဗီဇာနဲ့ နိုင်ငံထဲမှာ တရားဝင်နေထိုင်ခွင့်ပေးမယ်လို့ ဆိုပါတယ်။ ၂၀၁၈ ခုနှစ်မှာ ပြည်ပကျောင်းသားတွေဆီကနေ အမေရိကန်ဒေါ်လာ ၄၅ ဘီလျံအထိ ရရှိခဲ့တယ်လို့ အမေရိကန်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဌာနက ဖော်ပြပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top