လူသားတစ်ဉီးမှာ ဝက်ရဲ့ကျောက်ကပ်အစားထိုးစမ်းသပ်မှု အောင်မြင်

21-10-2021yyl02.jpg

အမေရိကန်သုတေသီတွေက ပထမဆုံးအကြိမ်အဖြစ် ဝက်ရဲ့ကျောက်ကပ်ကို လူသားတစ်ဉီးမှာအစားထိုးကုသနိုင်ခဲ့ပြီးကျောက်ကပ်အစားထိုးမှုလက်ခံတဲ့သူရဲ့ကိုယ်ခံအားစနစ်က ဒီလုပ်ဆောင်ချက်ကို ချက်ခြင်းငြင်းဆန်တာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။ အဲဒါက အစားထိုးကုသမှုအတွက် လူသားတွေရဲ့ကိုယ်တွင်းအင်္ဂါတွေ ပြတ်လပ်တာကို လျော့ပါးလာစေတဲ့ အလားအလာရှိတဲ့ ကြီးကြီးမားမားတိုးတက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။

New York City က NYU Langone Health မှာ ပြုလုပ်ခဲ့တဲ့ ဒီလုပ်ငန်းစဉ်မှာ မျိုးဗီဇပြောင်းလဲထားတဲ့ ဝက်တစ်ကောင်ကို အသုံးပြုခဲ့တာပါ။ ဒါမှ လူသားမှာ အစားထိုးတာကို ချက်ချင်းပယ်ချတာမျိုးတွေဖြစ်စေတဲ့ မော်လီကျူးတွေ ဝက်ရဲ့တစ်သျူးတွေမှာ မပါဝင်မှာဖြစ်ပါတယ်။ဝက်ရဲ့ကျောက်ကပ်ကို အစားထိုးမှုလက်ခံသူက အသက်ကပ်စက်ကို မဖယ်ရှားမီ သူ့ရဲ့မိသားစုက ဒီစမ်းသပ်မှုကို သဘောတူခဲ့တဲ့ ကျောက်ကပ်လုပ်ဆောင်မှုချို့ယွင်းချက်ရှိတဲ့ ဉီးနှောက်သေလူနာဖြစ်ပါတဘ်။

၃ ရက်ကြာအောင် ကျောက်ကပ်အသစ်ကို သူ့ရဲ့သွေးကြောတွေနဲ့ တွဲထားပြီး ထိန်းထားနိုင်တဲ့အတွက် သုတေသီတွေကို ကျောက်ကပ်ကိုအစားထိုးလို့ရစေခဲ့ပါတယ်။ အစားထိုးထားတဲ့ ကျောက်ကပ်ရဲ့ လုပ်ဆောင်မှုရဲ့ စမ်းသပ်ချက်ရလဒ်တွေက ပုံမှန်အတိုင်းဖြစ်တယ်လို့ လေ့လာချက်ကို ဉီးဆောင်သူ ဒေါက်တာ ရောဘတ် မွန်ဂိုမယ်ရီ (Robert Montgomery) က ပြောကြားခဲ့ပါတယ်။

လက်ခံသူရဲ့ကျောက်ကပ်လုပ်ဆောင်ချက်အားနည်းမှုက ဝက်ရဲ့ကျောက်ကပ်အစားထိုးပြီးတဲ့နောက်မှာ ပုံမှန်ပြန်ဖြစ်ခဲ့တယ်လို့ ဒေါက်တာရောဘတ်က ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ကျောက်ကပ်အစားထိုးဖို့စောင့်ဆိုင်းနေသူ (၉၀,၀၀၀) အပါအဝင် အနည်းဆုံးလူ (၁၀၇,၀၀၀) ဟာ ကိုယ်တွင်းအင်္ဂါအစားထိုးဖို့ စောင့်ဆိုင်းနေကြရတယ်လို့ United Network for Organ Sharing အရ သိရပါတယ်။ ကျောက်ကပ်အတွက် စောင့်ဆိုင်းချိန်က ပျမ်းမျှအားဖြင့် (၃) နှစ်ကနေ (၅) နှစ်အထိ ဖြစ်ပါတယ်။

သုတေသီတွေက တိရိစ္ဆာန်အင်္ဂါအစိတ်အပိုင်းကို လူသားတွေမှာ အစားထိုးနိုင်ဖို့အတွက် ဆယ်စုနှစ်များစွာ လုပ်ဆောင်နေခဲ့ရတာပါ။ ဒါပေမဲ့ လူသားခန္ဓာကိုယ်က ချက်ခြင်းငြင်းဆန်တာကို ဘယ်လိုကာကွယ်ရမလဲဆိုတာက အဖြေရှာရခက်နေခဲ့တာပါ။ ဒေါက်တာရောဘတ်တို့အဖွဲ့က ငြင်းဆန်မှုကိုဖြစ်စေတဲ့ alpha-gal လို့ခေါ်တဲ့ သကြားမော်လီကျူးအတွက် ဝက်မျိုးရိုးဇကို ပြောင်းလဲလိုက်မယ်ဆိုရင် ဒီပြဿနာကိုကာကွယ်နိုင်လိမ့်မယ်လို့ ယူဆခဲ့ကြပါတယ်။ မျိုးဗီဇပြောင်းလဲထားတဲ့ဝက်ကို GalSafe လို့အမည်ပေးထားပြီး United Therapeutics Corp’s Revivicor ယူနစ်က လုပ်ဆောင်ခဲ့တာပါ။ ဒါကို ၂၀၂၀ခုနှစ် ဒီဇင်ဘာလက အမေရိကန်အစားအစာနဲ့ ဆေးဝါးကွပ်ကဲမှုဟာ ထောက်ခံချက်ပေးခဲ့ပါတယ်။

ဝက်ကနေထုတ်လုပ်တဲ့ ဆေးဘက်ဆိုင်ရာထုတ်ကုန်တွေကလည်း လူသားတွေမှာ အသုံးမပြုခင် တိကျတဲ့ FDAရဲ့ ထောက်ခံချက်လိုအပ်နေတုန်းပဲလို့ အေဂျင်က ပြောပါတယ်။ အခြားသုတေသီတွေက GalSafe ဝက်တွေက လူသားလူနာတွေအတွက် နှလုံးအဆို့ရှင်ကနေ အသားစတွေအထိ အရာအားလုံးရဲ့အရင်းအမြစ်ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားနေပါတယ်။

NYU ကျောက်ကပ်အစားထိုးစမ်းသပ်မှုကို နောက်နှစ် (ဒါမှမဟုတ်) နှစ်နှစ်မှာ နောက်ဆုံးအဆင့်ကျောက်ကပ်လုပ်ဆောင်မှုချို့ယွင်းတဲ့လူနာတွေအတွက် စမ်းသပ်မှုလုပ်သင့်တယ်လို့ ဒေါက်တာရောဘတ်က ပြောပါတယ်။ ကျောက်ကပ်အလှူရှင်မပေါ်သေးတဲ့အထိ ပြင်းထန်တဲ့လူနာတွေအတွက် ရေတိုဖြေရှင်းချက်တစ်ခုအဖြစ် ဒီအစားထိုးမှုကို စမ်းသပ်လုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

လက်ရှိစမ်းသပ်မှုမှာ အစားထိုးကုသမှုတစ်ခုတည်းလုပ်ဆောင်ခဲ့ပြီး ကျောက်ကပ်ကို သုံးရက်သာအစားထိုးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် နောက်လာမယ့်စမ်းသပ်မှုတွေက ကျော်လွှားဖို့ လိုအပ်မယ့်အဟန့်အတားအသစ်တွေကို တွေ့လာနိုင်ဖွယ်ရှိတယ်လို့ ရောဘတ်က ပြောကြားခဲ့ပါတယ်။ သုတေသီတွေက ဦးနှောက်သေလူနာတစ်ဦးမှာ ဝက်ရဲ့ကျောက်ကပ်ကို ယာယီအစားထိုးဖို့ မိသားစုကို မတောင်းဆိုခင် ဒီအယူအဆကို ဆေးဘက်ဆိုင်ရာကျင့်ဝတ်ပညာရှင်တွေ၊ ဥပဒေနဲ့ ဘာသာရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့ကြောင်း ဒေါက်တာရောဘတ်က ပြောကြားခဲ့ပါတယ်။

Ref: CNN “US surgeons successfully test pig kidney transplant in human patient”


WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top