ခရမ်းချဉ်သီးစွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လုပ်တဲ့ ဇီဝသားရေ

30.1.2025-yyl-9.jpg

ခရမ်းချဉ်သီးရဲ့ စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဇီဝသားရေတစ်မျိုးကတော့ ဈေးကွက်ထဲမှာ ရေပန်းစားနေပါတယ်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ သာဒိုမယ်ရှာဟာနီအင်ဂျင်နီယာကောလိပ်မှာ ဇီဝနည်းပညာ ဘာသာရပ်နဲ့ ဘွဲ့ရခဲ့တဲ့ ပရီတက်မစ်ဆရီဟာ နောက်ဆုံးနှစ် ပရောဂျက်အဖြစ် ခရမ်းချဉ်သီးကနေ ဇီဝသားရေ ဖန်တီးမှုကို လုပ်ခဲ့တာဖြစ်ပြီး အခုအခါမှာတော့ The Bio Company(TBC) ကို တည်ထောင်ထားနိုင်ပါပြီ။

TBC ကုမ္ပဏီဟာ မဟာရက်ရှ်ထရာ၊ ဂူဂျာရတ်၊ မဟာပရာဒက်ရှ် အစရှိတဲ့ ခရမ်းချဉ်သီး အများအပြားစိုက်ပျိုးတဲ့ဒေသတွေမှ စက်ရုံတွေကနေ စွန့်ပစ်လိုက်တဲ့ ခရမ်းချဉ်သီးအကြွင်းအကျန်တွေကို လိုက်လံစုဆောင်းပြီး ဇီဝပိုလီမာ၊ အပင်မှရတဲ့ ပေါင်းဆေးတွေ၊ သဘာဝအမျှင်ဓာတ်တွေ ထည့်သွင်းပေါင်းစပ်ပါတယ်။ အဲဒီနောက်မှာတော့ PU ၊ PVC မပါဝင်တဲ့ ဇီဝသားရေဖန်တီးပြီး နောက်ဆုံးအဆင့်အဖြစ် အပေါ်ယံအလွှာ ဖုံးအုပ်မှုကြောင့် အကြမ်းခံနိုင်၊ ရေစိုခံနိုင်စွမ်း ရှိပါတယ်။

TBC ကုမ္ပဏီက ထုတ်လုပ်တဲ့ ဇီဝသားရေကို ဖက်ရှင်လုပ်ငန်း၊ အသုံးအဆောင်ပစ္စည်း၊ ကားကူရှင် အစရှိတဲ့ နယ်ပယ်အသီးသီးမှာ အသုံးပြုလေ့ရှိပြီး ဂျာကင်၊ အိတ်၊ ဖိနပ် အစရှိသဖြင့်လည်း ထုတ်လုပ်အသုံးပြုနေကြပါတယ်။

ဇီဝသားရေ ထုတ်လုပ်ရာမှာ ခရမ်းချဉ်သီးရဲ့စွန့်ပစ်ပစ္စည်းကို ဘာကြောင့် အသုံးပြုရသလဲဆိုရင် အိန္ဒိယနိုင်ငံဟာ နှစ်စဉ်နှစ်တိုင်း ခရမ်းချဉ်သီးတန်ချိန် ၄၄ သန်း ထွက်ရှိပြီး ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ခရမ်းချဉ်သီး စိုက်ပျိုးတဲ့နိုင်ငံအဖြစ် ရပ်တည်နေတာပါ။ ဒါပေမဲ့ အိန္ဒိယနိုင်ငံမှာ စိုက်ပျိုးတဲ့ ခရမ်းချဉ်သီးပမာဏရဲ့ ၃၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းကြားဟာ စွန့်ပစ်နေရတာကြောင့် အခုလို အကြံရခဲ့တာလို့ ပရီတက်မစ်ဆရီက ဆိုပါတယ်။

ခရမ်ချဉ်သီးထဲမှာ ပါဝင်တဲ့ ပက်တင်း (သဘာဝပိုလီမာတစ်မျိုး)ဟာ တောင့်တင်းခိုင်မာမှု၊ ကွေးနိုင်ဆန့်နိုင်မှု ရှိတာကြောင့်လည်း ဇီဝသားရေအတွက် ခရမ်းချဉ်သီးကို ကုန်ကြမ်းအဖြစ် အသုံးပြုရတာပါလို့ သူက ပြောပါတယ်။

Ref: Using Tomato Waste, This Startup Creates a Sustainable Replacement for Animal Leather
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply