ဘာသာစကား ၁၅ မျိုးတတ်ပြီး တရုတ်နိုင်ငံမှာ အဆိုတော်လုပ်ဖို့ ဖိတ်ကြားခြင်းခံရတဲ့ ဈေးသည်လေး

46444479_1211990465619364_5013881088330694656_n.jpg

လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေပန်းစားခဲ့တဲ့ ကမ္ဘောဒီးယားက ဈေးသည်လေးကို လူတိုင်းမှတ်မိကြမယ် ထင်ပါတယ်။ ဘာသာစကား ၁၀ မျိုးကျော်တတ်တဲ့ ဒီကလေးငယ်ကို မလေးရှားခရီးသွားတစ်ယောက်က မေးမြန်းထားတဲ့ ဗီဒီယိုဖိုင်တစ်ခု အင်တာနက်ပေါ်မှာ ပြန့်သွားခဲ့ပါတယ်။

အသက် ၁၄ နှစ်သာရှိသေးတဲ့ သာ့ဒ်စင် (Thaksin) ဆိုသူ ကလေးငယ်က မလေး၊ မန်ဒရင်း၊ ဂျာမန်၊ ပြင်သစ်၊ ထိုင်း စတဲ့ ဘာသာမျိုးစုံကို ပြောနိုင်တယ်ဆိုတဲ့ သတင်းကြောင့် ပြည်တွင်းမီဒီယာတွေက ဖိတ်ခေါ်ပြီး အင်တာဗျူးတွေတောင် လုပ်ခဲ့ပါတယ်။ နိုင်ငံခြားခရီးသွားတွေနောက် ကောက်ကောက်လိုက်ပြီး ဈေးလှည့်ရောင်းရင်း ဘာသာစကား ၁၅ မျိုး တတ်ခဲ့သလို ညီဖြစ်သူ တိုးလ်ကတော့ ဘာသာစကား ၁၁ မျိုး တတ်တယ်လို့ သိရပါတယ်။ ဘာသာစကား အားလုံးထဲမှာ ညီအစ်ကို နှစ်ဦးစလုံး သဘောကျတာက မန်ဒရင်း (Mandarin) ဖြစ်ပြီး ပေကျင်း ဂီတဖျော်ဖြေပွဲ တက်ရောက်ချင်တာက သူတို့နှစ်ဦးရဲ့ စိတ်ကူးအိပ်မက်ပါ။

တရုတ်သီချင်းကို ကျွမ်းကျွမ်းကျင်ကျင်ဆိုပြနိုင်တဲ့ သာ့ဒ်စင်ရဲ့ အင်တာဗျူး ဗီဒီယိုကို တရုတ် မီဒီယာကုမ္ပဏီ တစ်ခုက စိတ်ဝင်စားပြီး မိသားစုလိုက် ပေကျင်းကို လာလည်ဖို့ စရိတ်ငြိမ်း စီစဉ်ပေးခဲ့ပါတယ်။ ပေကျင်းမြို့က ထုတ်လုပ်သူ တစ်ယောက်ကလည်း သာ့ဒ်စင်ကို စင်ပေါ်မှာ ဖျော်ဖြေနိုင်တဲ့ထိ အခွင့်အရေးပေးမယ်လို့ သိရပါတယ်။ အဆိုပိုင်းမှာ ထူးချွန်မယ်ဆိုရင် အဆိုတော်ဖြစ်တဲ့ထိ လေ့ကျင့် ပျိုးထောင်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တာပါ။

ပေကျင်းမြို့ကို ဖိတ်ကြားခြင်းခံရတဲ့အပြင် သာ့ဒ်စင်တို့ မိသားစုအတွက် ကမ္ဘောဒီးယား ကြက်ခြေနီ အဖွဲ့အစည်းက ထောက်ပံ့တဲ့ ငွေကြေးနဲ့ အစားအသောက်အကူအညီတွေလည်း ရရှိခဲ့ပါတယ်။ နောက်ထပ် ပရဟိတအသင်း တစ်ခုကလည်း သူတို့ ညီအစ်ကိုအတွက် အရုပ် လက်ဆောင်များစွာ ပေးအပ်ခဲ့ပါတယ်။ ကမ္ဘောဒီးယားက ဈေးသည် ကောင်လေးဘဝကနေ တရုတ်နိုင်ငံမှာ နာမည်ကြီး အဆိုတော်တစ်ယောက်ထိ ဖြစ်လာနိုင်မလားဆိုတာကိုတော့ သာ့ဒ်စင်လေးအတွက် ဆုတောင်းပေးရင်း မျှော်လင့်ရမှာ ဖြစ်ပါတယ်။

Ref: worldofbuzz.com “Viral Kid Who Can Speak 15 Languages Gets Invited to Beijing For a Chance to Become a Singer

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top