ဖုန်းတစ်လုံးဝယ်မယ်ဆို ဘယ်လိုအချက်တွေကို စစ်ဆေးဖို့ လိုအပ်မလဲ

7-things-to-consider-while-buying-a-smartphone-08302018185717.png

ရိုးရာလေးပရိတ်သတ်ကြီးရေ ဖုန်း အသစ်တစ်လုံးဝယ်ဖို့ စဉ်းစားနေပြီလား။ ဘယ်ဖုန်းအမျိုးအစားကို သဘောကျနေမိပြီလဲ။ ဝယ်ဖို့ကြံနေတဲ့ ဖုန်းအမျိုးအစားက ကိုယ့်လိုအပ်ချက်နဲ့ တကယ် ကိုက်ရဲ့လားဆိုတာရော စစ်ကြည့်ပြီးပြီလား။ ဒီနေ့မှာတော့ ဖုန်းအသစ်မဝယ်ခင် စစ်ကြည့်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးမှာမို့ ဖတ်ကြည့်လိုက်ပါဦးနော်။ ဖုန်းတစ်လုံး ဝယ်ဖို့ဆိုရင်တော့ အဓိကအနေနဲ့ အချက် (၆) ချက်ကို မဖြစ်မနေ အရင်ကြည့်ရပါမယ်။

မျက်နှာပြင်အမျိုးအစား

ပထမဆုံးအနေနဲ့ ဖုန်းမျက်နှာပြင် အမျိုးအစားပါ။ မျက်နှာပြင် အမျိုးအစား မကောင်းရင် ရေရှည်သုံးဖို့ အဆင်မပြေနိုင်ပါဘူး။ မျက်လုံးထိခိုက်နိုင်ခြေလည်း ပိုများတဲ့အပြင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ကြည့်ရတာလည်း အဆင်မပြေပါဘူး။ ဂိမ်းဆော့တဲ့သူတွေအတွက်လည်း အရည်အသွေးကောင်းတဲ့ မျက်နှာပြင် အမျိုးအစားကို လိုအပ်တာမို့ အရွယ်အစားနဲ့ အမျိုးအစားကို စစ်ဆေး ဝယ်ယူသင့်ပါတယ်။ မျက်နှာပြင် အရွယ်အစားကြီးတဲ့ဖုန်း ဝယ်မယ်ဆိုရင် 1920×1080p ထက် ရုပ်ထွက် အရည်အသွေးနိမ့်တာကို မရွေးသင့်ပါဘူး။

ဘထ္ထရီ

ဖုန်းတစ်လုံးအတွက် ဘထ္ထရီက သိပ်အရေးပါပါတယ်။ ဘထ္ထရီ သိုလှောင်မှု ပမာဏ နည်းတဲ့အခါ အားကုန်လွယ်ပြီး အလုပ်မတွင်နိုင်ပါဘူး။ အကယ်၍ ကိုယ်က တစ်နေကုန် သုံးနေတတ်တဲ့သူဆိုရင်တော့ သိုလှောင်မှု ပမာဏများတာတင်မက အားသွင်းမြန်တာကိုပါ ရွေးသင့်ပါတယ်။ ခုနောက်ပိုင်း ဖုန်းတွေမှာ fast charging စနစ် ပါဝင်လာပြီး ၅ မိနစ်လောက်ကနေ နာရီဝက်အတွင်း အားပြန်ပြည့်တာမျိုးတွေ ပါလာပါပြီ။

သိုလှောင်မှု

သိုလှောင်မှု ပမာဏကတော့ ကျွန်တော်တို့အတွက် အရေးပါဆုံးလို့တောင် ပြောလို့ရလောက်ပါတယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဂိမ်းတွေ၊ တခြားဖိုင်တွေ အစရှိသဖြင့် မျိုးစုံကို တစ်နေရာထဲ သိမ်းဆည်းနိုင်ဖို့အတွက် သိုလှောင်မှု ပမာဏများတဲ့ ဖုန်းတစ်လုံးကတော့ မရှိမဖြစ်လိုတာပါပဲ။ iPhone အသုံးပြုသူတွေအတွက်ဆို သိုလှောင်မှု ပမာဏက ပိုအရေးပါပါလိမ့်မယ်။ iOS အတွက် ထွက်ရှိတဲ့ အပ်ပလီကေးရှင်းတွေက တခြား OS တွေထက် ဖိုင် အရွယ်အစားကြီးတဲ့အတွက်ကြောင့်ပါ။

RAM

Random Access Memory (RAM) နည်းတဲ့ဖုန်းတစ်လုံးကက အလုပ် လုပ်ဆောင်မှု နှေးကွေးနိုင်ပါတယ်။ RAM ပမာဏနည်းတာက အလုပ်လုပ်ရတဲ့နေရာကျဉ်းတယ်ဆိုတဲ့သဘောနဲ့ ဆင်တူပါတယ်။ ခုနောက်ပိုင်းဖုန်းတွေမှာ RAM 2GB အောက် ရောက်နေရင် သိပ်အဆင်မပြေနိုင်ပါဘူး။

ထုတ်လုပ်တဲ့ကုမ္ပဏီ

ထုတ်လုပ်တဲ့ကုမ္ပဏီကရော ဘာလို့စဉ်းစားရမယ့်အချက်ထဲ ပါဝင်နေရတာလဲ။ လုံခြုံရေးအတွက်ကြောင့်ပါ။ တချို့သော ဖုန်းကုမ္ပဏီတွေက ထုတ်လုပ်တဲ့ဖုန်းတွေက အသုံးပြုသူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ဖုန်းကုမ္ပဏီကို ပြန်ပို့တဲ့အတွက်ကြောင့် လုံခြုံရေးပိုင်းမှာ စိတ်မချရပါဘူး။ ဒီနေ့အထိ ကြားသိထားရတဲ့သတင်းတွေအရတော့ Apple၊ Samsung၊ LG နဲ့ Sony တံဆိပ်တွေကတော့ ယုံကြည်လို့ရတယ်လို့ ဆိုပါတယ်။

ကင်မရာ

ဒီနေ့ခေတ်မှာ ကင်မရာကို သတ်သတ်ကြီး ဝယ်မနေကြတော့ဘဲ ဖုန်းကင်မရာကိုပဲ အလေးထား ဝယ်ယူလာကြတာကို တွေ့ရပါတယ်။ နောက်ပိုင်း စမတ်ဖုန်းတွေကလည်း ကင်မရာကို ပိုကောင်းအောင် ပြုလုပ်လာတာမို့ ကင်မရာ အရည်အသွေးကောင်းတဲ့ အမျိုးအစားကို ဝယ်ယူဖို့က သိပ်မခက်ခဲတော့ပါဘူး။ ကိုယ်က ဓာတ်ပုံရိုက်ရတာကို ကြိုက်နှစ်သက်တဲ့သူဆိုရင်တော့ Budget ဖုန်းတွေ မဝယ်ဘဲ ပိုက်ဆံနည်းနည်းပိုသုံးပြီး တခြားကင်မရာ ပိုကောင်းတဲ့ဖုန်းကိုဝယ်ဖို့ အကြံပြုချင်ပါတယ်။

အပေါ်ကအချက်တွေအပြင် ကိုယ်သဘောကျတဲ့ပုံစံတွေကိုလည်း ထည့်စဉ်းစားပြီး ရွေးချယ်နိုင်ပါသေးတယ်။ ဥပမာ – ကြိုးမဲ့ အားသွင်းစနစ်၊ စတူဒီယို စပီကာ၊ 5G/4G/3G၊ အရောင်၊ အစရှိသဖြင့်ပေါ့။ ကဲ ဒီလောက်ဆိုရင်တော့ ရိုးရာလေး ပရိသတ်ကြီးတို့ ဖုန်းကောင်းကောင်းတစ်လုံးကို သေချာ ရွေးချယ်နိုင်လောက်မယ်လို့ ထင်ပါတယ်။

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top