ကလေးကို ဗီတာမင် D မချို့တဲ့စေဖို့

19-3-2020-yyl-0030-1.jpg

ဗီတာမင် D က အရိုးနဲ့ကြွက်သားကျန်းမာရေးအတွက် အရေးကြီးတဲ့အပြင် ကယ်လ်စီယမ်နဲ့ဖော့စဖိတ်ဓါတ်တွေကို အစားအစာကနေ စုပ်ယူနိုင်ဖို့ ကူညီပေးပါတယ်။ ဗီတာမင် D ပါဝင်တဲ့ အစားအစာက နည်းနည်းလေးပဲရှိတာကြောင့် သူ့ကို အစားအသောက်ကနေ အလုံအလောက်ရရှိနိုင်ဖို့ မလွယ်ပါဘူး။ ဗီတာမင် D ဖြည့်စွက်ထားတဲ့ နို့မှုန့်တွေမှာပဲပါရှိတတ်ပြီး အများအားဖြင့်တော့နေရောင်ခြည်ကနေ ရရှိနိုင်ပါတယ်။ အရိုးနဲ့ကြွက်သားပြဿနာတွေဖြစ်နေပြီဆိုရင် ဗီတာမင် D ချို့တဲ့ခြင်းကြောင့်ဖြစ်နိုင်သလို အူကင်ဆာ၊ နှလုံးရောဂါ၊သွေးတိုး၊ ကိုယ်ခံအားပြဿနာနဲ့ ဆီးချိုသွေးချိုရောဂါ စတာတွေနဲ့လည်း ဆက်နွှယ်နေနိုင်ပါတယ်။

ဗီတာမင် D ချို့တဲ့တဲ့ လက္ခဏာတွေက ဘာလဲ

ဗီတာမင် D ဓါတ်နည်းတဲ့သူတွေမှာ လက္ခဏာသိပ်မပြတတ်ပါဘူး။ ဒါပေမယ့် ကလေးတွေမှာဆိုရင်တော့ အရိုးနဲ့ကြွက်သားနာကျင်မှုတွေ ခံစားရတတ်ပါတယ်။ ဗီတာမင် D အရမ်းနည်းလွန်းရင် အရိုးတွေကို ပျော့ပျောင်းစေပြီး ကလေးတွေမှာ ခြေခွင်တာတွေဖြစ်စေနိုင်ပါတယ်။ ဗီတာမင် D နည်းရာကနေ ကယ်လ်စီယမ်ပါနည်းလာပြီး ကလေးတွေမှာ ကြွက်တက်တာ၊ တက်တာတွေ ဖြစ်လာစေနိုင်ပါတယ်။

ဗီတာမင် D ချို့တဲ့တဲ့ ကလေးတွေဟာ အသက်ရှူရခက်တဲ့ ပြဿနာလည်းရှိတတ်ပါတယ်။ အရိုးတွေကပျော့နေတာကြောင့် ခြေထောက်ခွင်တာလိုမျိုး အရိုးတွေကွေးတာတွေ ဖြစ်နိုင်ပါတယ်။ ခြေထောက်နဲ့ကြွက်သားအားနည်းမှုကြောင့် မကြာခဏနာကျင်ကိုက်ခဲမှုခံစားရပါတယ်။ ဗီတာမင် D ချို့တဲ့ တဲ့ကလေးတွေမှာ ဖွံ့ဖြိုးကြီးထွားမှုလည်း အားနည်းပါတယ်။ ကိုယ်အလေးချိန်လည်း ရှိသင့်သလောက်မရှိဘဲ ကြီးထွားမှုနှေးပါတယ်။ သွားပေါက်တာလည်း နောက်ကျတတ်တယ်။

အသက်ရှူလမ်းကြောင်း ပိုးဝင်တာလိုမျိုး ရောဂါကူးစက်ခံရတာ ဖြစ်လွယ်တယ် သွေးထဲမှာ ကယ်လ်စီယမ်ပါချို့ တဲ့လာရင် အရိုးပျော့ခြင်းက ပိုဆိုးလာနိုင်ပြီး ဆေးရုံတင်ကုသရတဲ့အထိ ဖြစ်စေနိုင်ပါတယ်။

ကာကွယ်ပေးမယ်

-ဗီတာမင် D ချို့တဲ့ခြင်းကို ကာကွယ်နိုင်ဖို့က ဒီဓါတ်ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ တူနာငါး၊ ရှီတာကီမှို စတာတွေကိုကျွေးပေးသင့်တယ်။
-ဗီတာမင် Dဖြည့်စွက်ထားတဲ့ အစာအာဟာရတွေ တိုက်မယ်၊ ကျွေးမယ်။ ဥပမာ ဗီတာမင် D ထပ်ပေါင်းထားတဲ့ နို့၊ ဒိန်ချဉ်၊ကွေကာ စတာတွေ။
-ဗီတာမင် D ပါတဲ့ ကလေးအားဆေးတွေ ဆရာဝန်နဲ့တိုင်ပင်ပြီး တိုက်လို့ရပါတယ်။
-ကလေးကို သိပ်မပြင်းတဲ့ နေရောင်ခြည်အောက်မှာ ကစားခိုင်းပါ။ အိမ်တွင်းပဲမအောင်းခိုင်းပါနဲ့။
-ဗီတာမင်ဓါတ်ေတွ အစုံပါဝင်တဲ့ အစာအာဟာရတွေပြင်ဆင်ပါ။ ဒါမှ ခန္ဓါကိုယ်မှာမလုံလောက်တဲ့အခါ အဲဒီအာဟာရကနေဖြည့်ကူပေးနိုင်မှာပါ။
-ဗီတာမင် D ကို အစားအသောက်ကနေ ရရှိနိုင်တဲ့ အရင်းအမြစ်က နည်းလွန်းပေမယ့် အဆီများတဲ့ငါးက အကောင်းဆုံးအရင်းအမြစ်ပါ။ ကြက်ဥနဲ့ အသားတွေကနေလည်း အနည်းအကျဉ်းတော့ ရရှိနိုင်ပါတယ်။

Ref : hellosayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top