အင်ဒိုနီးရှားနိုင်ငံမှာ မီးတောင်ပေါက်ကွဲလို့ လူ ၁၄ ဦး သေဆုံး

6.12.2021yyl1.jpg

ပြီးခဲ့တဲ့ စနေနေ့က ဂျာဗားကျွန်း ပေါ်မှာရှိတဲ့ ဆီမီရူမီးတောင် ပေါက်ကွဲခဲ့ပြီး အနီးနားက ရွာတွေကို ချော်ရည်ပူတွေ ဖုံးလွှမ်းခဲ့လို့ လူ ၁၄ ယောက် သေဆုံးခဲ့ပြီး အသက်ရှင်လွတ်မြောက်သူတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေပါတယ်။ လူမာဂျန်ခရိုင်က လုပ်အားပေးတစ်ယောက် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ထဲမှာ စစ်သားတွေနဲ့ ရဲတွေက လက်ဗလာနဲ့ မြေတူးပြီး ရုပ်အလောင်းတွေကို ဆွဲထုတ်နေတာ တွေ့ရပါတယ်။

ဂျာဗားကျွန်းအရှေ့ပိုင်း လူမာဂျန်ခရိုင်မှာရှိတဲ့ အနည်းဆုံး ရွာ ၁၁ ရွာဟာ မီးတောင်ပြာတွေ ဖုံးလွှမ်းခံခဲ့ရပြီး အနည်းဆုံး လူ ၅၆ ယောက် ဒဏ်ရာရခဲ့ပါတယ်။ လူတော်တော်များများက မီးတောင်က ပျော်ရည်ပူတွေ စီးဆင်းလာတာကို ရေတက်လာတယ်ထင်ပြီး ထွက်မပြေးကြလို့ အပူလောင်ဒဏ်ရာတွေ ရခဲ့တာပါ။

” ပျော်ရည်ပူတွေနဲ့ မျောပါသွားသူ ၁၀ ယောက် ရှိပါတယ်။ တစ်ယောက်ကိုတော့ ကယ်နိုင်လုဆဲဆဲပါ။ သူ့ကို ထွက်ပြေးဖို့ ပြောပါသေးတယ်။ ငါ့နွားတွေကို ဘယ်သူ အစာကျွေးမှာလဲ၊ မပြေးနိုင်ဘူးလို့ ပေခံနေတာလေ ” လို့ ကမ်ပန်ရန်တန်းရွာသား ဆလင်းက ပြောပါတယ်။

” ထုံးစံအတိုင်း ရေတက်လာတာလို့ပဲ ထင်နေကြတာပါ။ ပျော်ရည်ပူတွေမှန်း မသိဘူး။ မိုးရွာပြီး မီးခိုးပူတွေ ဖုံးလွှမ်းသွားလို့ ကောင်းကင်ကလည်း ရုတ်တရက် မည်းမှောင်သွားတယ်။ မိုးရွာချလိုက်လို့ အသက်ရှူလို့ရတာ ကံကောင်းပါတယ်”’လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

လက်ရှိအချိန်အထိ အဲဒီဒေသတစ်ဝိုက်မှာ နေထိုင်သူ ၁၃၀၀ ဝန်းကျင်ကို ရွှေ့ပြောင်းပေးထားပြီး အဆောက်အအုံတွေထဲမှာ ပိတ်မိနေတဲ့ သဲတွင်းလုပ်သား ၁၀ ယောက်ကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ် သက်သာလျော့ပါးစေရေးအေဂျင်စီက ပြောပါတယ်။

မီးခိုးတွေ ဖုံးလွှမ်းနေတာ၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်တာ၊ မိုးသက်မုန်တိုင်း ကျရောက်တာတွေကြောင့် ရွှေ့ပြောင်းဖယ်ရှားရေးလုပ်ငန်းတွေ နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။ မီးတောင်ပေါက်ကွဲချိန်မှာ မာလန်မြို့ကို ဆက်သွယ်ပေးထားတဲ့ တံတားလည်း ကျိုးပျက်ခဲ့ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီး ဆီမီရူမီးတောင်ဝမှာ မိုးရေတွေ အိုင်ထွန်းခဲ့လို့ မီးတောင်တစ်စိတ်တစ်ပိုင်း ပြိုကျပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ အင်ဒိုနီးရှားနိုင်ငံ ဘူမိဗေဒအေဂျင်စီ အကြီးအကဲက ပြောပါတယ်။

ဆီမီရူမီးတောင်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၆၇၆ မီတာအမြင့်ရှိပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ မီးတောင် ၁၃၀ ထဲမှာ တစ်လုံးအပါအဝင် ဖြစ်ပါတယ်။ ၂၀၂၀ ဒီဇင်ဘာလတုန်းက နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီတုန်းကလည်း ဒေသခံထောင်ပေါင်းများစွာက ဘေးကင်းရာကို ရွှေ့ပြောင်းခိုလှုံခဲ့ရပါတယ်။

Ref: BBC “Indonesia volcano: Volcano rescuers face ash as high as rooftops”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top