ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ရောဂါ (၁၀) မျိုး

GettyImages-961020312-800x534.jpg

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတာကို အားလုံးကြားဖူးကြမှာပါ။ ဟိုးအရင်တုန်းက တကယ်ကိုကြောက်ခဲ့ရတဲ့ ပိုလီယိုရောဂါတို့၊ ကျောက်ကြီးရောဂါ ဆိုတာတွေ ကို ခုခေတ်ကလေးတွေ ကြားတောင်မကြားရတော့တာ ကာကွယ်ဆေးတွေကို ကျေးဇူးတင်ရမှာပါ။ ဒီတော့ ကာကွယ်ဆေးတွေရဲ့ အရေးပါပုံကို ခန့်မှန်းမိကြတော့လောက်ပြီပေါ့။ ဒီဆောင်းပါးထဲမှာတော့ ကာကွယ်ဆေးထိုးထားရင် မဖြစ်နိုင်တဲ့ရောဂါ (၁၀) မျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

(၁ ) ဝက်သက်ရောဂါ

ဝက်သက်ကာကွယ်ဆေးဆိုပြီး ကလေးအသက် (၉) လ မှာတစ်ကြိမ် (၁) နှစ်ခွဲမှာတစ်ကြိမ် ထိုးပေးကြတာ ကြားဖူးကြမှာပါ။ လေထဲကတစ်ဆင့်ကူးစက်ပြီး အဆုတ်ပွ၊ အဆုတ်ရောင်တာ၊ ဦးနှောက်အမြှေးပါးရောင်တာကနေ အသက်သေဆုံးတဲ့အထိဖြစ်နိုင်တဲ့ ဒီဝက်သက်ရောဂါဟာ ကာကွယ်ဆေးထိုးထားလိုက်ရင် လုံးဝကိုမဖြစ်နိုင်တော့မယ်ရောဂါတစ်ခုပါ။

( ၂ ) ရက်တစ်ရာချောင်း ကြက်ညှာချောင်း

Diptheria pertussis ဆိုတဲ့ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်တဲ့ ဒီအဆုတ်ရောဂါဟာ နာတာရှည်ချောင်းဆိုးခြင်းကို အဓိကဖြစ်စေတဲ့အရာတစ်ခုပါ။ လေထဲကတစ်ဆင့်၊ ရောဂါရှိသူချောင်းဆိုးတာကတစ်ဆင့်ကူးစက်နိုင်တဲ့ ဒီရက်တစ်ရာချောင်းဟာ အဆုတ်ပိုးဝင်တာ၊ တက်တာနဲ့ နောက်ဆုံး ချောင်းဆိုးရလွန်းလို့အသက်ရှူရကြပ်ပြီး အသက်သေဆုံးတဲ့အထိပြင်းထန်တဲ့ရောဂါတစ်ခုပါ။ ဒါပေမယ့် ခုနောက်ပိုင်း ဒီရောဂါနဲ့ ပက်သက်ပြီးသိပ်မကြားရတော့တာ DPT ကာကွယ်ဆေးကိုကျေးဇူးတင်ရမှာပါ။ DPT ကာကွယ်ဆေးကို ကလေး (၂) လ၊ (၄) လ၊ (၆) လနဲ့ (၁) နှစ်ခွဲဆိုပြီး (၄) ကြိမ်ခွဲထိုးရပါမယ်။

( ၃ ) ပိုလီယို

ခြေထောက်တွေမသန်စွမ်းတော့တဲ့သူတစ်ယောက်ဖြစ်အောင် လုံးဝလုပ်ပစ်နိုင်တဲ့ ဒီကြောက်စရာ ပိုလီယိုရောဂါကြီးဟာ ငယ်ငယ်လေးအရွယ် (၂) လ (၄) လ (၆) လ (၅) နှစ်အရွယ်တည်းက အစက်ချပိုလီယိုကာကွယ်ဆေးသောက်ထားလိုက်ရင် လုံးဝကို ကြောက်စရာ မရှိတော့တဲ့ရောဂါ တစ်ခုပါ။

( ၄ ) ပြင်းထန်အဆုတ်ရောင်ရောဂါ

နမိုးနီးယားဆိုတဲ့ ပြင်းထန်အဆုတ်ရောင်ရောဂါအကြောင်း အားလုံးကြားဖူးကြမယ်လို့ ထင်ပါ တယ်။ ဒီရောဂါရှိသူရဲ့ တံတွေး၊ သလိပ်တွေကနေတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပြီး ဦးနှောက် အမြှေးပါးရောင်၊ ပြင်းထန်အဆုတ်ရောင်ပြီး အသက်သေဆုံးတဲ့အထိ ပြင်းထန်တဲ့ရောဂါ တစ်မျိးပါ။ အရင် ၂၀၀၀ ပြည့်နှစ်တွေတုန်းကတော့နာမည်ကြီးပေမဲ့ ခုနောက်ပိုင်းကျ ဒီရောဂါကို ကာကွယ်ပေးမယ့်ကာကွယ်ဆေးထွက်သွားတာကြောင့် သူ့အကြောင်းပြောတာ သိပ်မကြားရတော့တာဖြစ်ပါတယ်။ နမိုးနီးယားကာကွယ်ဆေးကို ကလေးအရွယ်တည်းက အသက် (၂) လမှာတစ်ကြိမ် (၄) လမှာတစ်ကြိမ် (၆) လ မှာတစ်ကြိမ်ဆိုပြီး (၃) ကြိမ်ခွဲ ထိုးရပါတယ်။

( ၅ ) မေးခိုင်ကာကွယ်ဆေး

သံစူးရင်ပဲဖြစ်ဖြစ်၊ ဖုန်တွေသဲတွေပေနေတဲ့အရာတစ်ခုနဲ့ ထိခိုက်မိတာဖြစ်ဖြစ်၊ အနာထဲ သဲတွေဖုန်တွေဝင်တာဖြစ်ဖြစ် ဖြစ်သွားနိုင်တဲ့ ဒီမေးခိုင်ရောဂါဟာ နာမည်အတိုင်း မေးကို ခိုင်သွားစေပြီး စကားပြောလို့မရတော့မယ့်အပြင် နောက်ပိုင်းအသက်ရှူကြွက်သားတွေ ပျော့စေပြီး အသက်ရှူရပ်သွားတတ်စေတာကြောင့် အင်မတန်မှကြောက်ဖို့ကောင်းတဲ့ ရောဂါ ကြီးတစ်ခုပါ။ ဒါပေမယ့် ဒီကြောက်ဖို့ကောင်းတဲ့ရောဂါကြီးကို မေးခိုင်ကာကွယ်ဆေးလေးက အပြတ်အသတ်အနိုင်ယူနိုင်ပါတယ်။ မေးခိုင်ကာကွယ်ဆေးကို ကလေးအရွယ် အသက် (၂) လ (၄) လ (၆) လနဲ့ (၅) နှစ်အရွယ်ဆိုပြီး (၄) ကြိမ်ခွဲထိုးပြီး နောက်ပိုင်း ထိခိုက်ဒဏ်ရာရပြီးချင်းနဲ့ ကိုယ်ဝန်ဆောင်အချိန်တို့မှာ ကာကွယ်ဆေးထပ်ထိုးလေ့ရှိပါတယ်။

( ၆ ) အသည်းရောင်အသားဝါ ဘီပိုး

အသည်းရောင်အသားဝါ ဘီပိုးဆိုတာ အသည်းရောင်၊ အသည်းခြောက်၊ အသည်းကင်ဆာစတဲ့ ရောဂါဆိုးကြီးတွေကိုဖြစ်စေတဲ့ ရောဂါတစ်ခုပါ။ ပိုးရှိသူရဲ့ သွေး၊ တံတွေး၊ ချွေး စတာတွေကနေ ကူးစက်နိုင်တဲ့ ဒီအသည်းရောင်အသားဝါ ဘီပိုးကို ကာကွယ်ဆေးထိုးထားလိုက်ရုံနဲ့ ကာကွယ်လို့ရတယ်ဆိုတာ သင်သိပါသဘား။ ဘီပိုးကာကွယ်ဆေးထိုးရင် (၃) ကြိမ်ထိုးပေးရမှာဖြစ်ပြီး (၅) နှစ်တစ်ကြိမ် Booster ပြန်ထိုးပေးဖို့လိုအပ်ပါတယ်။

( ၇ ) ပါးကျိတ်ရောင်၊ ဂျိူက်သိုး ရောဂါ

ပါးကျိတ်ရောင်ရောဂါ၊ ဂျိုက်သိုးရောဂါနဲ့ ဝက်သက်ရောဂါသုံးမျိုးအတွက် MMR vaccine ရှိပါ တယ်။ MMR ကာကွယ်ဆေးကို ကလေးအရွယ် (၉) လမှာတစ်ကြိမ် (၁) နှစ်ခွဲမှာ တစ်ကြိမ် (၂) ကြိမ်ထိုးရုံနဲ့ ဒီရောဂါတွေကို တစ်သက်လုံးကာကွယ်နိုင်မှာဖြစ်ပါတယ်။

( ၈ ) Haemophilus Influenzae Type B

ဒီ တုပ်ကွေးဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ Haemophilus Influenzae Type B ဟာ မွေးကင်းစ ကလေးတွေနဲ့ ခုခံအားနည်းတဲ့သက်ကြီးရွယ်အိုတွေကို အများဆုံးဒုက္ခပေးနိုင်တဲ့ ဗိုင်းရပ်စ် ဖြစ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို အများဆုံးဖြစ်စေပါတယ်။ ဒီရောဂါကို ကာကွယ်ဖို့အတွက် hib vaccine ကို ကလေးအရွယ် (၂) လ (၄) လ (၆) လတို့မှာ (၃) ကြိမ်ခွဲထိုးလေ့ရှိပါတယ်။

(၉ ) တီဘီဦးနှောက်အမြှေုးရောင်ရောဂါ

ခုခံအားနည်းသေးတဲ့မွေးကင်းစကလေးတွေအတွက် တီဘီရောဂါဆိုတာ အင်မတန်ကြောက် စရာကောင်းတဲ့ရောဂါတစ်ခုပါ။ တီဘီထဲမှာမှ အဆုတ်တီဘီထက် ဦးနှောက်အမြှေးရောင် တီဘီရောဂါက ပိုကြောက်စရာကောင်းတာကြောင့် မွေးကင်းစကလေးတွေ မွေးမွေးပြီးချင်း BCG ကာကွယ်ဆေးကိုလက်မောင်းမှာ ထိုးပေးကြတာဖြစ်ပါတယ်။ BCG ကာကွယ်ဆေးက တစ်ကြိမ်တည်းထိုးရမယ့် ကာကွယ်ဆေးတစ်ခုပါ။ တစ်ခုသိရမှာက BCG ကာကွယ်ဆေးက ဦးနှောက်အမြှေးပါးတီဘီကိုကာကွယ်ပေးတာဖြစ်ပြီး အခြားအဆုတ်တီဘီတို့၊ အရိုးတီဘီတို့ အူတီဘီစတာတွေကို မကာကွယ်ပေးနိုင်ပါဘူး။

( ၁၀ ) သားအိမ်ခေါင်းကင်ဆာ

ကင်ဆာတွေထဲမှာမှ ရှားရှားပါးပါး HPV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်ဆေးထိုးထားလိုက်ရုံနဲ့ ကာကွယ်လို့ရတဲ့ကင်ဆာတစ်ခုပါ။

ဒါတွေကတော့ ကာကွယ်ဆေးထိုးထားရုံနဲ့ တစ်သက်လုံးမဖြစ်တော့မယ့်ရောဂါတွေအကြောင်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအရွယ်တည်းက ကာကွယ်ဆေးတွေကို အချိန်မှန်မှန်ထိုး သင့်ပြီး ကြီးလာတဲ့အရွယ်ကျရင်လည်း သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးကို မမေ့ဘဲ ထိုးပေးဖို့လိုအပ်တယ်နော်။

 

Ref: Hello ဆရာဝန်
ရေးသားသူ – Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. Thurein Hlaing Win

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top