အသားစားတာကို လုံးဝရပ်တန့်လိုက်မယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတချို့

raw-meat-2022.jpg

တချို့လူတွေက အကြောင်းအမျိုးမျိုးကြောင့် သက်သတ်လွတ်စားဖြစ်ကြပါတယ်။ တချို့က ကျန်းမာရေးအတွက် ဟင်းသီးဟင်းရွက်ကို ပိုစားဖြစ်ကြတယ်။သက်သတ်လွတ်စားတာက အကျိုးကျေးဇူးအများကြီးရပေမဲ့ အသားစားတာကို ရုတ်တရက်ကြီး လုံးဝ ရပ်တန့်ပစ်လိုက်မယ်ဆိုရင် မမျှော်လင့်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ အစားအသောက်ကို ဖြည်းဖြည်းချင်းမပြောင်းလဲဘဲ လုံးဝပြောင်းလဲပစ်တာက သင့်ခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေမဖြစ်တဲ့အတွက် ဖိအားတွေများစေနိုင်ပြီး အစပိုင်းမှာ ဘေးထွက်ဆိုးကျိုးလက္ခဏာတချို့ ခံစားရလာနိုင်ပါတယ်။

အသားရေ မွဲခြောက်ခြောက်ဖြစ်နိုင်တယ်

သင်က ကြည်လင်စိုပြေတဲ့ အသားရေကို ပိုင်ဆိုင်ချင်တဲ့သူဆိုရင် တစ်နေ့တာစားသောက်မှုမှာ အသားစားတာကို လုံးဝ ရပ်တန့်ပစ်လို့မရပါဘူး။ အနီရောင်အသားတွေက ကော်လဂျင်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (Amino Acids) ကြွယ်ဝပါတယ်။ ဒီအာဟာရဓာတ်ကို လုံလုံလောက်လောက်မရရှိရင် သင့်အသားရေကို မွဲခြောက်လာစေနိုင်ပါတယ်။ အသားမှာလည်း ဇင့်ဓာတ်ပါဝင်ပါတယ်။ သက်သတ်လွတ်သမားတွေက ဇင့်ဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုးကို လုံလုံလောက်မစားရင် ခန္ဓာကိုယ်က ဇင့်ဓာတ်ကို စုပ်ယူနိုင်မှာမဟုတ်ပါဘူး။ ဇင့်ဓာတ်လုံလုံလောက်လောက်မရတာက သင့်အသားရေကို ဝက်ခြံပေါက်တာအပါအဝင် နည်းအမျိုးမျိုးနဲ့ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။

အဆာပြေစာတွေ ပိုပြီးစားချင်စိတ်ဖြစ်စေတယ်

အသားက ပရိုတင်းဓာတ်ရနိုင်တဲ့ အဓိကအရင်းအမြစ်တွေထဲကတစ်ခုပါ။ အသားကို ရုတ်တရက်ကြီး လုံးဝမစားတော့ဘဲ နေလိုက်ရင် သင့်ခန္ဓာကိုယ်က ကျန်းမာရေးနဲ့မညီညွှတ်တဲ့ အဆာပြေစာတွေကို ပိုပြီး တောင်းတလာနိုင်ပါတယ်။ ဒီလိုရုတ်တရက်အစားအသောက်ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေဖို့ အချိန်လိုအပ်ပါတယ်။ သင်က အသားမစားဖို့ ဆုံးဖြတ်လိုက်တယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွှတ်တဲ့အဆာပြေစာတွေကို ရွေးချယ်စားသုံးဖို့ လိုအပ်ပါတယ်။

စိတ်ခံစားချက်အပြောင်းအလဲများလာနိုင်တယ်

အစားအသောက်ပြောင်းလဲတဲ့အခါ သင့်ခန္ဓာကိုယ်အတွက် အပြောင်းအလဲကောင်းဖြစ်နေရင်တောင် အစပိုင်းမှာ စိတ်ခံစားချက်အပြောင်းအလဲများတာတွေကြုံတွေ့ရနိုင်ပါတယ်။ သင် စားသမျှဟာ သင့်အစာအိမ်ထဲက သင့်ဉီးနှောက်နဲ့ ဆက်သွယ်ပေးတဲ့အာရုံကြောဓာတ်တွေကို ထုတ်လွှတ်တာကြောင့် စိတ်ဖိစီးမှုအပေါ် သက်ရောက်မှုရှိစေပါတယ်။ ဒီဆိုးကျိုးက ယာယီဖြစ်ပြီး သင့်ခန္ဓာကိုယ်က အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်လာတာနဲ့ ပျောက်သွားမှာဖြစ်ပေမဲ့ တချို့လူတွေက အရင်ကထက် စိုးရိမ်ပူပန်မှုတွေ ပိုခံစားရနိုင်ပါတယ်။

ဆံပင်တွေ ပိုကျွတ်လာနိုင်တယ်

ဇင့်ဓာတ်ရတဲ့ ဟင်းသီးဟင်းရွက်များစွာရှိပေမဲ့ ခန္ဓာကိုယ်ကို ဇင့်ဓာတ်စုပ်ယူဖို့အတွက် ကူညီပေးနိုင်တဲ့ ပရိုတင်းဓာတ်က အသားပါပဲ။ သက်သတ်လွတ်သမားတွေက ဒီအာဟာရဓာတ်ကို လုံလုံလောက်လောက်ရနိုင်ခြေနည်းပါတယ်။ ဇင့်ဓာတ်ကို လုံလုံလောက်လောက်မရတဲ့အခါ သင့်ဆံပင်မှာ ဆိုးကျိုးသက်ရောက်စေပြီး ရေရှည်မှာတောင် ဆံပင်ကျွတ်လာစေနိုင်ပါတယ်။ အသားမစားဖို့ ဆုံးဖြတ်ချက်ချထားတယ်ဆိုရင် ခါတိုင်းထက် ဇင့်ဓာတ် ၅၀ ရာခိုင်နှုန်း ပိုစားပေးသင့်ပါတယ်။

အစာအိမ်နာလာနိုင်တယ်

ဟင်းသီးဟင်းရွက်စားတာက သင့်အစာအိမ်အတွက် ကောင်းပေမဲ့ အသားစားတာကို ရုတ်တရက် ရပ်တန့်လိုက်တာက သင့်အစာအိမ်ရဲ့ဘတ်တီးရီးယားတွေကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတဘ်။ အစားအသောက်ကို သိသိသာသာပြောင်းလဲပြီး သင် စားနေကျ အစားအစာနဲ့မတူတဲ့ အစားအစာတွေကို စားလိုက်တဲ့အခါ အစပိုင်းမှာ အစာအိမ်နာလာပြီး အစာမကြေတာမျိုးတွေဖြစ်တတ်ပါတယ်။

Ref: Brightside “What Might Happen If You Stop Eating Meat Altogether”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top