ရယ်မောခြင်းကနေ ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးများ

young-girlfriends-walking-together-and-laughing-8N7D2BQ.jpg

ရယ်မောသူတွေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ စိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့ ဟော်မုန်းကိုလျော့ကျစေနိုင်ခြင်းနဲ့ သွေးပေါင်ချိန်ကို လျော့ကျစေနိုင်တဲ့ အကျိုးကျေးဇူးတွေ ပါဝင်သလို ဆဲလ်တွေနဲ့ အင်္ဂါ အစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှုနဲ့ အောက်ဆီဂျင် ရောက်ရှိမှုကိုလည်း တိုးစေနိုင်ပါတယ်။

ရယ်မောခြင်းက ကြွက်သားအုပ်စု တော်တော်များများအတွက် သဘာဝ လေ့ကျင့်ခန်းတစ်ရပ်လည်း ဖြစ်ပါတယ်။ အဖျားရောဂါအချို့ကို ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ် အနှံ့မှာရှိတဲ့ ရောဂါတွေကို တိုက်ဖျက်ပေးနေတဲ့ ဆဲလ်တွေရဲ့ တုံ့ပြန်မှုကိုလည်း တိုးတက်စေနိုင်ပါတယ်။ ရယ်မောသူတွေက မှတ်ဉာဏ်စွမ်းရည် တိုးတက်သလို တီထွင် ဖန်တီးနိုင်မှု စွမ်းရည်ကိုလည်း တိုးတက်စေ နိုင်ပါတယ်။

ပိုပြီးရယ်မောနိုင်ဖို့ကြိုးစားပါ။ သုတေသီအချို့က ရယ်မောခြင်းက အကောင်းဆုံးသော ဆေးဝါးတစ်ရပ်လို့ သတ်မှတ်ထားကြသလို ရယ်မောခြင်းက ခံစားချက်ကို ပိုမိုကောင်းမွန်စေပါတယ်လို့ လက်ခံ ယုံကြည်ထားကြပါတယ်။ ရယ်လိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပြောင်းလဲသွားပါတယ်။ မျက်နှာနဲ့ ခန္ဓာကိုယ်က ကြွက်သားတွေကို ဆွဲဆန့်လိုက်သလို ဖြစ်သွားပြီး သွေးဖိအားနဲ့ သွေးခုန်နှုန်းကိုလည်း ကောင်းမွန်စေပါတယ်။ အသက်ရှုနှုန်း ပိုမြန်လာပြီး ကိုယ်တွင်း တစ်ရှုးတွေဆီကို အောက်ဆီဂျင်တွေ ပိုမိုရောက်ရှိစေပါတယ်။

ရယ်မောခြင်းကနေ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်မလဲ

ရယ်မောခြင်းက လူသားအားလုံးအတွက် ဆေးတစ်လက်ပါ။ ရယ်မောခြင်းက စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို ကျဆင်းစေပြီး၊ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေသလို၊ ဖန်တီးနိုင်စွမ်းကိုလည်း မြင့်တက်စေတဲ့အပြင် အကျိုးကျေးဇူး တော်တော်များများကိုလည်း ရရှိစေနိုင် ပါတယ်။

စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေခြင်း

ရယ်မောခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေထဲက ဓာတုပစ္စည်းတွေကို အချို့သော အခြေအနေမျိုးမှာ ခန္ဓာကိုယ်အတွက် လိုအပ်ပေမယ့် အသုံးပြုစရာမရှိဘဲ ပမာဏ အ၇မ်းများလာတဲ့အခါမျိုးမှာတော့ ကိုယ်တွင်းမှာ ဟော်မုန်း မညီမျှမှုကို ဖြစ်စေပြီး အပြုအမူပိုင်းဆိုင်ရာတွေမှာ ထိခိုက်တာမျိုးတွေ ရှိလာနိုင်ပါတယ်။

အဆိုပါဟော်မုန်းတွေကို immunosuppressant hormone တွေလို့ခေါ်ပြီး ကိုယ်ခံအားစနစ်အတွက် အန္တရာယ်ရှိပါတယ်။ အဆိုပါဟော်မုန်းပမာဏ လျော့ကျဖို့ဆိုရင် ရယ်မောဖို့ လိုအပ်ပါတယ်။ ရယ်မောတာက ကျန်းမာရေးကောင်းစေသလို အကျိုးလည်း ရှိစေပါတယ်။

ကျန်းမာရေးကောင်းစေတဲ့ ဟော်မုန်းတွေကို တိုးစေနိုင်ခြင်း

ဟော်မုန်း အကျိုးသက်ရောက်မှုရဲ့ ကောင်းတဲ့အချက်တစ်ရပ်ကတော့ ရယ်မောခြင်းကြောင့် ခန္ဓာကိုယ်တွင်းက endorphins နဲ့ neurotransmitter တို့လိုမျိုး အကျိုးပြု ဟော်မုန်း အရေအတွက်ကို တိုးစေတာ ဖြစ်ပါတယ်။

ကိုယ်တွင်းမှာ endorphins တိုးလာတာက နာကျင်မှုကို လျော့ပါး သက်သာစေနိုင်သလို နာကျင်မှုဆီကနေ အာရုံလျော့စေပါတယ်။ endorphins ဟော်မုန်းက ဘေးထွက်ဆိုးကျိုး မရှိဘဲ နာကျင်မှုတွေကို သက်သာစေပါတယ်။ neurotransmitter ဟော်မုန်းတွေ တိုးလာတာကလည်း ဦးနှောက်က လုပ်ငန်းဆောင်တာတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်လာနိုင်ပြီး ပိုမိုလျင်မြန်စွာ ချိတ်ဆက်လာနိုင်ပြီး တွေ့ကြုံနေရတဲ့ အခြေအနေတွေနဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းလည်း တိုးလာသလို ပိုပြီးလည်း လျင်လျင်မြန်မြန် ဖြေရှင်းလာနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

ရယ်မော်ခြင်းက ကျန်းမာစေပါတယ်။ လေ့လာမှုတွေအရ ရယ်မောခြင်းက ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲမှုကတဆင့် ခန္ဓာကိုယ်ရဲ့ ဓာတုဖြစ်စဉ်တွေကို ပြောင်းလဲစေပြီး ပဋိပစ္စည်းဆဲလ်တွေကို ပိုမိုလျင်မြန်တဲ့နှုန်းနဲ့ ဖွံ့ဖြိုးလာစေဖို့ လှုံ့ဆော်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ပဋိပစ္စည်းဆဲလ်တွေ တိုးလာတယ်ဆိုတာက ဖျားနာမှုတွေကို တိုက်ဖျက်ပေးနိုင်သလို ကူးစက်ရောဂါတွေ အလွယ်တကူ ကူးစက် မခံရအောင်လည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

သဘာဝ လေ့ကျင့်ခန်း တစ်ရပ်ပါ

ရယ်မောတာက ခန္ဓာကိုယ်တွင်းမှာ ထိရောက်မှု ရှိစေရုံမက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြွက်သား အုပ်စု အမျိုးမျိုးအတွက် လေ့ကျင့်ခန်း လုပ်ဆောင်ပေးနိုင်တဲ့ သဘာဝနည်းလမ်း တစ်ရပ် ဖြစ်ပါတယ်။ ရယ်မောနေတဲ့ အချိန်မှာ ခိုးခိုးခစ်ခစ်ပဲ ရယ်ရယ်၊ တဟားဟားပဲရယ်ရယ် ရယ်မောတဲ့ လှုပ်ရှားမှုအတွက် ကြွက်သားတွေက လှုပ်ရှားရပါတယ်။

ရယ်မောနေစဉ်အတွင်း ရင်ဝမ်းခြားမြှေးနဲ့ ဝမ်းဗိုက် ကြွက်သားစနစ်တွေက ကျုံ့ လိုက်ဆန့်လိုက် လုပ်ရတာကြောင့် သဘာဝ လေ့ကျင့်ခန်း တစ်ရပ် ဖြစ်ပါတယ်။ မျက်နှာ ကြွက်သားတွေ အတွက်လည်း လေ့ကျင့်ခန်းလုပ်ပြီးသား ဖြစ်သွားပါတယ်။ ရယ်မောတဲ့ ပုံစံပေါ်မှာ မူတည်ပြီး ရယ်မောခြင်းက ခြေထောက်၊ နောက်ကျော၊ ပခုံးတွေနဲ့ လက်မောင်း ကြွက်သားတွေ အပေါ်မှာပါ သက်ရောက်မှု ရှိစေပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း

ရယ်မောခြင်းက ခန္ဓာကိုယ်တွင်းက IFN (Interferon-gamma) ပမာဏကို တိုးစေပြီး ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင် ပါတယ်။ IFN က B ဆဲလ်၊ T ဆဲလ်၊ NK ဆဲလ်တွေနဲ့ immunoglobulin တွေကို လှုံ့ဆော်ပေးပါတယ်။ ဆဲလ်တွေ ကြီးထွားဖို့အတွက်လည်း လုပ်ဆောင်ပေးပါတယ်။ ဒီဒြပ်ပေါင်းတွေက ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။ နေ့စဉ်ရယ်မောခြင်းက ကျန်းမာစေပါတယ်။

သွေးဖိအားကိုထိန်းညှိပေးခြင်း

သွေးတိုးနေသူတွေအနေနဲ့ ရယ်မောကြည့်လိုက်ပါ၊ သွေးပေါင်ချိန် ကျသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ အရယ်အမောကင်းမဲ့တာက သွေးဖိအားကို တိုးစေပြီး ရယ်မောလိုက်တဲ့အခါ သွေးစီးဆင်းမှုက တိုးတက်ကောင်းမွန်သွားတာကြောင့် သွေးတိုး ကျဆင်းသွားတာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ရယ်မောတာက သွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ပုံမှန် အနေအထားထိ ကျဆင်းစေပါတယ်။ သွေးဖိအား မြင့်တက်တာက နှလုံးရောဂါတွေကို ဖြစ်စေနိုင်သလို နှလုံးဆိုင်ရာ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

သွေးတွင်း အောက်ဆီဂျင် ပမာဏကို တိုးစေနိုင်ခြင်း

ရယ်မောတာက အသက်ရှုနှုန်းကို မြန်စေပြီး အသက်ရှုစနစ်ကို ခပ်မြန်မြန် အလုပ် လုပ်စေတာကြောင့် နှလုံးခုန်နှုန်းကို ခဏတာမျှ မြန်လာစေပြီး ဦးနှောက်ဆီကို သွေးစီးဆင်းမှု ပမာဏ တိုးတက်စေပါတယ်။ ဦးနှောက်အတွင်းမှာ အောက်ဆီဂျင် ပမာဏ တိုးလာတာက ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။

မှတ်ဉာဏ်ကောင်းစေနိုင်ခြင်း

ရယ်မောတာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေနိုင်သလို မှတ်ဉာဏ်ကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။

စိတ်ခံစားမှုကောင်းစေနိုင်ခြင်း

လေ့လာမှုတွေအရ ရယ်မာခြင်း (သို့) ပြုံးခြင်းက စိတ်ခံစားမှုကို တိုးတက်စေပြီး ပျော်ရွှင်မှုတွေကိုလည်း တိုးပွားစေပါတယ်။ ရယ်မောခြင်းက နာကျင်မှုတွေကိုတောင် လျော့ပါးစေနိုင်တာကြောင့် စိတ်ခံစားမှုကို တိုးတက် ကောင်းမွန်စေပါတယ်။ ရယ်ရတာကြောင့် ရယ်တာမျိုး မဟုတ်ဘဲ အကြောင်းမဲ့ သက်သက် ရယ်မောခြင်းကတောင် စိတ်ခံစားမှုကို တိုးတက်စေနိုင်ပါတယ်။

ဖန်တီးနိုင်စွမ်းကို တိုးတက်စေနိုင်ခြင်း

ရယ်မောခြင်းက ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းစဉ်တွေအပေါ်မှာ တော်တော်ကို သက်ရောက်မှု ရှိပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကျဆင်းမှုနဲ့ endorphins ဟော်မုန်းတိုးတက်မှု အနေအထား နှစ်ရပ် ပေါင်းစပ်လိုက်တဲ့အခါ သွေးတွင်းနဲ့ ဦးနှောက်အတွင်းမှာ အောက်စီဂျင် ပမာဏ တိုးလာပြီး ဖန်တီးနိုင်စွမ်းလည်း တိုးလာပါတယ်။

ရယ်မောခြင်းရဲ့ဆိုးကျိုးများ

ကြွက်သားတွေ နာကျင် ညောင်းညာစေခြင်း

အချိန်အကြာကြီး ပင်ပင်ပန်းပန်းရယ်လိုက်ရတဲ့ အခါမျိုးမျာ ဝမ်းဗိုက် ကြွက်သားတွေ နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။ ရယ်မောပြီးနောက် ခဏကြာတဲ့အထိ နာကျင်နေနိုင်ပါတယ်။ အချိန်အကြာကြီး နာတာတော့မဟုတ်ပါဘူး။ ရယ်မောခြင်းက အကျိုးရှိတဲ့ လေ့ကျင့်ခန်း တစ်ရပ်ပါ။

နှလုံးရောဂါအခံ ရှိသူတွေနဲ့ ခွဲစိတ်ကုသမှု ခံယူထားသူတွေ မရယ်သင့်ပါဘူး

ပြင်းထန်တဲ့ နှလုံးရောဂါလိုမျိုး ရယ်မောတဲ့အချိန်မှာ ယာယီ သွေးပေါင်ချိန် မြင့်တက်မှုက အန္တရာယ် ဖြစ်စေနိုင်တာမျိုးကလွဲလို့ ရယ်မောခြင်းကြောင့် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျ အထောက်အထားတွေ မတွေ့ရပါဘူး။ ဝမ်းဗိုက်မှာ ခွဲစိတ်ကုသမှု ခံယူထားသူတွေအနေနဲ့လည်း ရယ်မောတဲ့အခါ ခွဲစိတ်ထားတဲ့ အနာကို သက်ရောက်မှု ရှိတာမျိုးဖြစ်စေနိုင်တာကြောင့် မရယ်သင့်ပါဘူး။

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top