စွန့်ပစ်ခံတိရစ္ဆာန်အကောင်ရေ (၁) ထောင်ကျော်ကို စောင့်ရှောက်ထားတဲ့ တရုတ်အမျိုးသမီး

7-1-2021-yyl21.jpg

တိရစ္ဆာန်အကောင်ရေ ထောင်ကျော်ကို ဂရုစိုက်စောင့်ရှောက်ပြီး နေထိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ တရုတ်နိုင်ငံက ဝမ်ကျန်ဟုန် (Wen Junhong) အတွက်တော့ လျစ်လျူရှုပစ်ပယ်ခံထားရတဲ့တိရစ္ဆာန်တွေကို စောင့်ရှောက်ပြီး ချစ်နေရတာက သူ့ဘဝပါ။ အဲဒီတိရစ္ဆာန်တွေပေါ်မှာ ထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုတွေက အံ့သြစရာပါပဲ။ တိရစ္ဆာန်အကောင်ရေ (၁) ထောင်ကျော်ကို မေတ္တာထားပြီး ဂရုစိုက်စောင့်ရှောက်ထားဖို့ဆိုတာ လူတိုင်းမလုပ်နိုင်တဲ့ကိစ္စပါနော်။ အဲဒီလိုလုပ်နိုင်တဲ့ ဝမ်ကျန်ဟုန်ကတော့ ချီးကျူးဖို့ ကောင်းပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေကို သူ့အကြောင်း အနည်းငယ်မျှဝေပေးချင်ပါတယ်။

(၆၈) နှစ်အရွယ် ဝမ်ကျန်ဟုန်က (၂) ထပ်တိုက်လေး ပိုင်ဆိုင်ထားပြီး တိုက်အိမ်ရဲ့အခန်းတိုင်းမှာလည်း လောင်အိမ်တွေပြည့်နေပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်တုန်းက သူဟာ ပထမဆုံး ခွေးလေးတစ်ကောင်ကို ကယ်တင်ထားခဲ့ရာကနေ အခုအထိ မရပ်တော့တာပါပဲ။ အခုဆိုရင် သူ့အိမ်မှာ ခွေးအကောင်ရေ (၁၃၀၀)၊ ကြောင် အကောင်ရေ (၁၀၀)၊မြင်း (၄) ကောင်အပြင် ငှက်တွေနဲ့ ယုန်တွေလည်းရှိနေပြီလို့ ဝမ်ကျန်ဟုန်ရဲ့ပြောစကားအရ သိရပါတယ်။

ဝမ်ကျန်ဟုန်က မနက်တိုင်း (၄) နာရီထပြီး လောင်အိမ်တွေကို အကုန်လုံးကို သန့်စင်ဆေးကြောတယ်။ ပြီးရင် တိရစ္ဆာန်တွေအတွက် ဟင်းသီးဟင်းရွက်တွေ၊ အသားနဲ့ ထမင်းတို့ကို ရောပြီး ခွေးစာ (၅၀၀) ကီလိုဂရမ်လောက် ချက်ပြုတ်ရပါတယ်။ တိရစ္ဆာန်အကောင်ရေများစွာကို စောင့်ရှောက်ထားဖို့ဆိုတာ ငွေကြေးလည်းအတော်လေးကုန်ပါတယ်နော်။ ဝမ်ကျန်ဟုန်က တိရစ္ဆာန်တွေအတွက် ငွေကြေးအဆင်မပြေတဲ့အခါ သူ့တိုက်ခန်းကို ရောင်းချခဲ့တယ်။ ဒါ့အပြင် ချေးငွေလည်းယူတယ်။ သူ့ရဲ့ပင်စင်လစာ၊ စုဆောင်းငွေတွေကိုလည်း သုံးတယ်လို့ ဆိုပါတယ်။

ခွေးတွေကို စွန့်ပစ်တဲ့ လူတွေပိုပိုပြီးများလာနေတဲ့အတွက် ဝမ်ကျန်ဟုန်ရဲ့စောင့်ရှောက်မှုအောက်မှာ တိရစ္ဆာန်အရေအတွက်ကလည်း တိုးလာနေပါတယ်။ သူ့ကို အကူအညီပေးဖို့အတွက် ဝန်ထမ်း (၆) ဦးရှိပါတယ်။ နေစရာနေရာ၊ ထားစရာနေရာရှိနေသရွေ့တော့ အဆင်ပြေနေပါသေးတယ်။ အိမ်နီးနားချင်းတွေဆီကနေ ပြစ်တင်ပြောဆိုတာ‌တွေကြောင့် ဝမ်ဟာ နေရာပြောင်းရတာ (၆) ကြိမ်ရှိပါပြီ။

တရုတ်နိုင်ငံမှာ အိမ်မွေးတိရစ္ဆာန်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားဖို့ စိတ်ဝင်စားလာကြတဲ့အတွက် သူ့ရဲ့တိရစ္ဆာန်လေးတွေကို လူတွေ မွေးစားလာဖို့ မျှော်လင့်နေပါတယ်။ ဒါမှ သူ့ရဲ့တိရစ္ဆာန်လေးတွေ ထာဝရနေထိုင်နိုင်မယ့်အိမ်ကို ရှာတွေ့ပြီး လွတ်လွတ်လပ်လပ်နေထိုင်ရမှာဖြစ်လို့ပါပဲ။

Ref: Brightside “What the Life of a Woman Who Lives With 1,300 Dogs, 100 Cats, and 4 Horses Looks Like”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top