အိပ်ရေးဝဝအိပ်တာ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ မကြာခဏပြောဖြစ်ကြပေမယ့် အလွန်အကျွံအိပ်ရင် ကျန်းမာရေးထိခိုက်တတ်တယ်ဆိုတဲ့ အချက်ကိုတော့ သိပ်မပြောဖြစ်ကြပါဘူး။ အိပ်ကောင်းကောင်းနဲ့ အလွန်အကျွန် အကြာကြီးအိပ်နေမိတဲ့အခါ ကျန်းမာရေးထိခိုက်တတ်ပါတယ်။
ဒီကနေ့ခေတ်က COVID-19 ကာလမို့ အိပ်ရေးဝဝအိပ်စက်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။ လူအများစုကလည်း နေအိမ်တွေမှာ Work from Home နေကြ၊ နေအိမ်မှာပဲနေထိုင်နေကြရတာ ပိုများလာတာကြောင့် အိပ်စက်ချိန်တွေ ပိုများလာနေကြပါတယ်။
ကျန်းမာရေးအတွက် အိပ်စက်တာဟာ နည်းလမ်းကောင်းဖြစ်ပေမယ့် အိပ်စက်ချိန်လိုအပ်တာထက်ပိုများလာရင်လည်း ကျန်းမာရေးကိုပြန်ထိခိုက်စေနိုင်တယ်လေ။ လူတစ်ယောက်ဟာ တစ်နေ့ကို ၇-၈ နာရီလောက် အိပ်စက်ဖို့လိုအပ်ပါတယ်။ ဒီထက်နည်းရင်လည်း အဆင်မပြေ၊ များသွားရင်လည်း အဆင်မပြေပါဘူး။
အလွန်အကျွံအိပ်စက်ခြင်း (Hypersomnia) ဖြစ်စေရတဲ့အချက် ၂ ချက်ရှိပါတယ်။ တစ်ချက်ကတော့ စိတ်ဓာတ်ကျတာ ဒါမှမဟုတ် စိတ်ဖိစီးမှုများနေတာကြောင့်ပါ။ နောက်တစ်ချက်ကတော့ လူမှုပတ်ဝန်းကျင်နဲ့ အဆက်ပြတ်လာတာကြောင့်လို့ ဆိုပါတယ်။
အလွန်အကျွံအိပ်စက်မိတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ
လူတစ်ယောက်ရဲ့ အိပ်စက်ချိန်ဟာ အသက်အရွယ်အပေါ် မူတည်ပြီး ကွာခြားပါတယ်။ အသက်အရွယ်တင်မကပါဘူး၊ ကိုယ်လက်လှုပ်ရှားမှုပမာဏနဲ့လည်း သက်ဆိုင်ပါတယ်။ နောက်တစ်ခုကတော့ ကျန်းမာရေး အခြေအနေပေါ့။ ဒီအချက်တွေကြောင့် လူတစ်ယောက်ရဲ့ အိပ်စက်ချိန်နဲ့ အိပ်စက်ပုံ ပြောင်းလဲနိုင်ပါတယ်။
တစ်ခါတစ်လေမှာ ပင်ပန်းနွမ်းနယ်မှုကြောင့် အိပ်စက်ချိန် ကြာမြင့်တာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမယ့် ပုံမှန်မှာကို တစ်နေ့ကို ၉ နာရီပမာဏထက် များစွာကျော်လွန်နေမိမယ်ဆိုရင်တော့ ဒါကို Hypersomnia လို့ ခေါ်ဆိုတဲ့ အလွန်အကျွံအိပ်စက်ခြင်းပြဿနာလို့ ခေါ်ဆိုနိုင်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂% လောက်က ဒီပြဿနာကို ရင်ဆိုင်နေကြရပါတယ်။
Hypersomnia ဟာ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အဆိုပါဝေဒနာကို ခံစားနေရသူတွေဟာ အချိန်တော်တော်များများ အိပ်ချင်နေတာ၊ ထိုင်းမှိုင်းနေတာမျိုးတွေဖြစ်နေတတ်ကြပြီး ညပိုင်းမှာဖြစ်စေ၊ တရေးတမောအိပ်စဉ်မှာဖြစ်စေ အိပ်စက်ချိန်လည်းကြာမြင့်တတ်ပါတယ်။
ဒီဝေဒနာကို ခံစားနေရပြီ၊ ဒီလို အလွန်အကျွံတွေ အိပ်စက်မိနေပြီဆိုရင် နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေ ကြုံဆုံလာရမှာဖြစ်ပါတယ်။ ဘယ်လိုပြဿနာမျိုးတွေလဲဆိုရင်တော့
ဆီးချို – လေ့လာချက်တွေအရဆိုရင် ဆီးချိုဟာ အလွန်အမင်းအိပ်စက်မှုကြောင့်ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုဖြစ်ပါတယ်။
အဝလွန်ခြင်း – အဝလွန်တာကလည်း အလွန်အကျွံအိပ်စက်တာနဲ့ တိုက်ရိုက်ဆက်နွယ်နေတတ်ပါတယ်။ အိပ်ရေးမဝတာက အဝလွန်စေနိုင်သလို အလွန်အမင်းအိပ်စက်တာကလည်း ကိုယ်အလေးချိန်တိုးစေနိုင်တာကို သတိထားသင့်ပါတယ်။
ခေါင်းကိုက်ခြင်း – အလွန်အကျွံအိပ်စက်တတ်သူတွေဟာ မကြာခဏလည်း ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းမှာရှိတဲ့ သွေးကြောလေးတွေ နာကျင်တာဖြစ်ပါတယ်။ အထူးသဖြင့် မနက်ခင်းပိုင်းတွေမှာ ပိုခံစားရတတ်ပါတယ်။
နောက်ကျောနာကျင်တာ – အချိန်ကြာမြင့်စွာ လဲလျောင်းအိပ်စက်နေမိတာကြောင့် နောက်ကျောနာကျင်မှုဝေဒနာကိုလည်း ခံစားရမှာဖြစ်ပါတယ်။
စိတ်ဓာတ်ကျခြင်း – အိပ်စက်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက အမြဲတမ်းဆက်စပ်နေတတ်ပါတယ်။ အလွန်အကျွံအိပ်စက်တာက စိတ်ဓာတ်ကျခြင်းကို ပိုဆိုးစေဖို့ တွန်းအားပေးသလို စိတ်ဓာတ်ကျခြင်းကြောင့်လည်း အလွန်အကျွံအိပ်စက်ဖြစ်အောင် တွန်းအားပေးပါတယ်။
နှလုံးရောဂါ – အလွန်အကျွံ အိပ်စက်တာနဲ့ ဆက်စပ်နေတဲ့ နောက်ထပ်ရောဂါတစ်ခုကတော့ နှလုံးရောဂါပါ။ အထူးသဖြင့် အမျိုးသမီးတွေမှာပိုအဖြစ်များပြီး တစ်နေ့မှာ ၁၁ နာရီထက်ကြာအောင်အိပ်စက်မိမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၃၈% အထိ တိုးမြင့်လာမှာဖြစ်ပါတယ်။
သေဆုံးခြင်း – အလွန်အကျွံအိပ်စက်ခြင်းဟာ သေဆုံးခြင်းနဲ့ ဆက်နွယ်နေတတ်ပါတယ်။ တစ်နေ့မှာ ၉ နာရီထက်ပိုအိပ်တတ်သူတွေဟာ ပုံမှန်အိပ်ချိန်မျိုးရှိသူတွေထက် စောစောသေဆုံးနိုင်ခြေပိုများပါတယ်။
လိုအပ်တာထက်ပိုမအိပ်မိအောင် ဘယ်လိုနေထိုင်မလဲ
ကိုယ့်ရဲ့ အိပ်စက်ချိန်ကို ဆန်းစစ်လေ့လာကြည့်ပါ။ ပုံမှန်ထက်ပိုပြီး အိပ်စက်မိနေပြီလားဆိုတာမျိုးပေါ့။ တကယ်လို့ ဒီလိုမျိုး အိပ်စက်မိနေပြီဆိုရင် သက်သာအောင်ကုစားဖို့ လိုအပ်ပါတယ်။
အရက်သေစာသောက်စားတတ်တယ်ဆိုရင် ဖြတ်ပါ။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ လေးလံထိုင်းမှိုင်းနေတာမျိုးမဖြစ်အောင်နေပါ။
အာဟာရမျှတအောင်စားပါ။
အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။
အိပ်ချင်စိတ်မပေါ်လာမချင်း အိပ်ယာပေါ် မတက်ပါနဲ့။
အိပ်ယာဝင်ချိန်၊ အိပ်ယာထချိန်ကို စနစ်တကျသတ်မှတ်ပါ။
နိုးလာပြီးမှ ပြန်အိပ်နေတာမျိုးမလုပ်ပါနဲ့။
အိပ်ယာစောစောဝင်ပါ။
ဒီနည်းလမ်းတွေအပြင် ကိုယ့်မှာ Hypersomnia ရှိမရှိ သက်ဆိုင်ရာဆရာဝန်နဲ့ စစ်ဆေးပြီး ရှိနေတယ်ဆိုရင်လည်း ကုသမှုခံယူသင့်ပါတယ်။
Ref : hellosayarwon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
Team ( ရိုးရာလေး)