ဆီးချိုရောဂါ ကာကွယ်နိုင်မယ့် နေထိုင်မှုပုံစံ ပြောင်းလဲမှု (၇) ချက်

doctor-watches-a-diabetic-child-UC3BJ64.jpg

ဆီးချိုရောဂါ ကြိုတင် ကာကွယ်တယ်ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်တာတွေ ပိုစားသုံးတာ၊ ပိုပြီး လှုပ်ရှားတက်ကြွစွာ နေထိုင်တာ၊ ကိုယ်အလေးချိန် နည်းနည်းလျှော့ချလိုက်တာ၊ စတဲ့ အခြေခံနည်းလမ်းတွေပါပဲ။

အခုမှလုပ်လို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံမှာ ရိုးရှင်းတဲ့ အပြောင်းအလဲလေးတွေ လုပ်လိုက်ရုံနဲ့ ကိုယ့်ဘဝတလျှောက်မှာ အာရုံကြော၊ ကျောက်ကပ်နဲ့ နှလုံး ထိခိုက် ပျက်စီးမှုတို့လို ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်မလာအောင် ရှောင်ရှားနိုင်မှာပါ။

ဆီးချိုဖြစ်လာနိုင်ခြေကို လျော့နည်းစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၇ ခုကတော့ –

ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကို လျှော့ချပါ

ကိုယ်အလေးချိန်များနေပြီ (ဝနေပြီ)ဆိုရင် ဆီးချိုဖြစ်လာတော့မယ့် အန္တရာယ် ကြီးနေပါပြီ။ ဒါ့ကြောင့် ကိုယ်အလေးချိန် ၂.၂ ပေါင် (တစ်ကီလို) လောက် ကျသွားတဲ့အခါတိုင်း ဆီးချိုဖြစ်နိုင်ခြေက ၁၆ ရာခိုင်နှုန်း လျော့နည်းစေပါတယ်။ ကိုယ်အလေးချိန် လျှော့ချခြင်းက ဆီးချိုရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို လျှော့ချပေးနိုင်တဲ့အပြင် အစပျိုး လက္ခဏာတွေ ဒါမှမဟုတ် အမျိုးအစား ၂ ဆီးချိုရောဂါ ရှိနေပြီးသား လူတွေအတွက်လည်း သွေးတွင်း သကြားဓာတ်ကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်း ဖြစ်ပါတယ်။

အသီးအရွက်များများ၊ ကယ်လိုရီနည်းတဲ့ အစားအစာတွေကိုစားပါ

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံကို များများစားပါ။ ဒါပေမယ့် transfats များတဲ့အဆီ၊ ပြည့်ဝဆီ နဲ့ သကြားဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ပါ။
ကိုယ့်ခန္ဓာကိုယ်က လိုအပ်သလောက်ကိုပဲ စားဖို့ သတိပြုပါ (စိတ်ရှိတိုင်း မစားပါနဲ့)။ အသီးအရွက်၊ သစ်သီးတွေနဲ့ ဂျုံပြောင်းနှံတို့ကို များများစားပါ။

အဆီမပါတဲ့ နို့ထွက်ပစ္စည်းနဲ့ အဆီမပါတဲ့ အသားတွေကိုပဲ ရွေးချယ်ပါ။ ကာဗိုဟိုက်ဒရိတ်တွေက သကြားဓာတ်အဖြစ် ပြောင်းလဲနိုင်တာကြောင့် ကာဗိုဟိုက်ဒရိတ် စားသုံးမှု ပမာဏကို သတိထား တွက်ဆပါ။ ထမင်း တစ်နပ်နဲ့တစ်နပ်ကို ပမာဏတူအောင် ချိန်စားပါ။ သင်က အင်ဆူလင်ထိုးဆေး သုံးနေရသူ ဒါမှမဟုတ် ဆီးချိုထိန်းဆေး သောက်သုံးနေရသူ ဖြစ်ရင် ဒီအချက်က ပိုအရေးကြီးပါတယ်။

ရေသောက်ပါ

အချိုဓာတ်ကဲတဲ့ သောက်စရာတွေက အဝလွန်ခြင်း၊ ဆီးချိုရောဂါတို့နဲ့ ဆက်နွှယ်နေတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။ ဒါတွေကို သောက်မယ့်အစား ရေကိုပဲသောက်ပြီး အန္တရာယ်အဆင့်ကို လျှော့ချနိုင်ပါတယ်။

လှုပ်လှုပ်ရှားရှားနေပါ

ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းက ဆီးချိုဖြစ်နိုင်ခြေကို တိုးစေပါတယ်။ လှုပ်ရှားမှုက ဆဲလ်တွေကို အင်ဆူလင်အပေါ် တုံ့ပြန်မှု ပိုကောင်းစေပါတယ်။ ၂၀၀၆ ခုနှစ်က သုတေသနအရ တစ်ပတ်ကို မိနစ် ၁၅၀ ခန့် ကိုယ်လက်လှုပ်ရှား လုပ်ဆောင်ပေးသင့်တယ်လို့ ဆိုပါတယ်။ ဥပမာ-ခပ်သွက်သွက် လမ်းလျှောက်ခြင်း။

စိတ်ဖိစီးမှုကိုလျှော့ပါ

စိတ်ဖိစီးမှုဟာ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတဲ့ ဟော်မုန်းတွေကို အများအပြား ထွက်ရှိစေပါတယ်။ စိတ်ကို နှစ်မြုပ်ပြီး တရားထိုင်ခြင်းက စိတ်ဖိစီးမှုကို ဖြေရှင်းနိုင်စွမ်းကို တိုးတက်စေ ပါတယ်။ ကိုယ်လက် လှုပ်ရှားမှုနဲ့ လူမှုရေး အားပေးစောင့်ရှောက်မှုတို့ကလည်း စိတ်ဖိစီးမှုကို သက်သာလျော့ပါး စေပါတယ်။

အိပ်ရေးဝဝအိပ်ပါ

ကာလတာရှည် အိပ်ရေးပျက်တာ၊ ညဘက် ကောင်းကောင်းအိပ်မပျော်တာတွေက ဆီးချိုနဲ့ အဝလွန်ဖြစ်နိုင်ခြေကို ပိုများစေပါတယ်။

ဆေးလိပ်ဖြတ်ပါ

ဆီးချိုကြောင့် နှလုံးရောဂါ၊ မျက်စိရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ သွေးကြောဆိုင်ရာရောဂါ၊ အာရုံကြော ထိခိုက်မှုရောဂါနဲ့ ခြေထောက် ထိခိုက်မှု ပြဿနာတွေ ဖြစ်လာနိုင်ခြေ ပိုများစေနိုင်ပါတယ်။ သင်က ဆေးလိပ်သောက်တတ်သူဖြစ်ရင် ဒီအချက်တွေ ခံစားရနိုင်တဲ့ အန္တရာယ် ပိုများနိုင်ပါတယ်။

ဆရာဝန်နဲ့ မှန်မှန်ပြပါ

အမျိုးအစား ၂ ဆီးချိုရောဂါရဲ့ အန္တရာယ် လက္ခဏာတွေဟာ အမျိုးအစား ၁လောက် မသိသာဘဲ ရှိတတ်တာကြောင့် ဆရာဝန်နဲ့ ပုံမှန်ပြဖို့ အရေးကြီးပါတယ်။

သင်က
အသက် ၄၅ နှစ်နဲ့အထက်ရှိပြီး ကိုယ်အလေးချိန်များနေသူဖြစ်ရင်၊ အသက် ၄၅ နှစ်အောက်ဖြစ်ပြီး ကိုယ်အလေးချိန်များတဲ့အပြင် အထိုင်များခြင်း၊ မိသားစုမှာ ဆီးချို မျိုးရိုးရှိခြင်းတို့လို အမျိုးအစား ၂ ဆီး ချိုရောဂါ ဖြစ်နိုင်ခြေ တစ်ခုနဲ့အထက် ရှိနေရင်
သွေးတွင်း သကြားဓာတ် စစ်ဆေးကြည့်သင့်ပါတယ်လို့ အမေရိကန် ဆီးချိုရောဂါအဖွဲ့အစည်းက အကြံပြုထား ပါတယ်။

Ref : hellosayarwon.com

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top