သွေးတိုးရောဂါဖြစ်စေတဲ့ နေ့စဉ်အလေ့အထတွေ

yyl-021-1.jpg

သွေးတိုးရောဂါကို လူ (၃၀) ရာခိုင်နှုန်းနီးပါး ခံစားကြရပါတယ်။ အသက် (၂၅) အရွယ် ငယ်ရွယ်တဲ့လူတွေလည်း သွေးတိုးရောဂါကို ရရှိနေကြပါတယ်။ သွေးဖိအားများတာက အခြားရောဂါတွေလည်း ဝင်ရောက်လာနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ တစ်နေ့တာမှာ အလုပ်အရမ်းများပြီး ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်အားဘူးဆိုရင် သွေးဖိအားများလာနိုင်ပါတယ်။ သင့်ကိုယ့်ကိုယ်ကို ကယ်တင်နိုင်ဖို့ရာ သွေးတိုးရောဂါဖြစ်လာစေတဲ့ နေ့စဉ်အလေ့အထကို သိဖို့လိုအပ်ပါတယ်။ ဒါကြောင့် သွေးတိုးရောဂါဖြစ်စေနိုင်တဲ့ နေ့စဉ်လုပ်ဖြစ်နေတဲ့အရာတွေကို ပြောပြပေးလိုက်ရပါတယ်။

တစ်နေ့လုံး ထိုင်နေခြင်း

သင့်အလုပ်စားပွဲမှာ ကော်နဲ့ကပ်ထားသလို တစ်နေ့လုံးထိုင်ရာကနေမထဘဲ လုပ်နေမယ်ဆိုရင် သွေးဖိအားများလာနိုင်ခြေရှိပါတယ်။ နာရီအကြာကြီးထိုင်တာက အဆီဓာတ်သိုလှောင်မှုကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်တက်လာနိုင်ကာ သွေးဖိအားများလာနိုင်စေပါတယ်။ ဒါကို ဖတ်နေရင်း ထိုင်နေတာမလား။ ဒါဆိုရင်တော့ ထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားလေးနေပေးပါ။ သွေးတိုးရောဂါမဖြစ်အောင် တစ်ပတ်ကို (၆) ရက်လောက် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို အနည်းဆုံး (၁) နာရီလုပ်ပေးဖို့လိုပါတယ်။ သွေးဖိအားကို ထိန်းညှိပေးဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းမှာ ရေကူးတာ၊ ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာတွေ ပါဝင်သင့်ပါတယ်။

အရက်အလွန်အကျွံသောက်သုံးခြင်း

အလုပ်ပိတ်ရက်မှာဆိုရင် သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး စားကြသောက်ကြမယ်ထင်ပါတယ်။ ဒါပေမဲ့ နေ့တိုင်း အရက်၊ ဘီယာသောက်နေမယ်ဆိုရင် သင့်အတွက် မကောင်းနိုင်ပါဘူး။ အရက်အလွန်အကျွံသောက်တာက သွေးတိုးရောဂါဖြစ်လာနိုင်ခြေများပါတယ်။ အရက်၊ဘီယာကို နေ့တိုင်းမဟုတ်ဘဲ အကန့်အသတ်နဲ့သောက်ပြီး detox အရည်တွေကိုလည်း သောက်ပေးသင့်ပါတယ်။

ဆားများတဲ့အစားအစာတွေစားခြင်း

ကျွန်တော်တို့က အသင့်စားသုံးလို့ရတဲ့အစားအစာတွေကို စားသုံးတာများပါတယ်။ အဲဒီလိုအစားအစာတွေက ဆိုဒီယမ်ဓာတ်တွေနဲ့ပြည့်နေပြီး သင့်ခန္ဓာကိုယ်က ရေဓာတ်အများကြီးလိုလာပါတယ်။ အဲဒီလိုဖြစ်လာရင် သွေးလွှတ်ကြောက သွေးဖိအားတွေတိုးလာပါတယ်။ သွေးတိုးရောဂါ ဖြစ်ခြင်းကနေ ရှောင်ကျဉ်ဖို့ဆိုရင် ဟင်းချက်တဲ့အခါ ဆားအများကြီးအသုံးမပြုပါနဲ့။ ဆိုဒီယမ်ဓာတ်များတဲ့ အစားအစာတွေကို စားသုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။ အရွယ်ရောက်ပြီးသားသူတွေက တစ်နေ့ကို ဆား (၅) ဂရမ်ထက်ပိုပြီး မစားသုံးသင့်ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆိုပါတယ်။

စိတ်ဖိစီးခြင်း

အခုခေတ်မှာ စိတ်ဖိစီးမှုမရှိတဲ့သူ မရှိသလောက်ပါပဲ။ လူတိုင်းလိုလို ဖိအားတွေရှိသလို စိတ်ဖိစီးမှုဒဏ်ကိုလည်း ခံစားကြရပါတယ်။ စိတ်ဖိစီးမှုက ဟော်မုန်းဓာတ်တွေတိုးလာစေကာ သွေးဖိအားကို ထုတ်လွှတ်ဖို့အတွက် အဒရီနယ် ဂလင်းကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုကြာရှည်လေလေ နှလုံးရောဂါ၊ သွေးတိုးရောဂါဖြစ်နိုင်ခြေရှိလေလေပါပဲ။ စိတ်ဖိစီးမှုကင်းဝေးအောင် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ပြီး တရားထိုင်ပေးပါ။ အချိန်တိုင်း စိတ်ဖိစီးနေတဲ့လူတွေက စိတ်တည်ငြိမ်အေးချမ်းဖို့နဲ့ အပန်းဖြေဖို့အတွက် နည်းလမ်းရှာဖို့ အရေးကြီးပါတယ်။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို လုံလောက်စွာမစားသုံးခြင်း

သင့်ခန္ဓာကိုယ်ကို ဟင်းသီးဟင်းရွက်နဲ့သစ်သီးတွေ လုံလုံလောက်လောက်မကျွေးရင် ကျန်းမာရေးပြဿနာမျိုးစုံစွဲကပ်လာနိုင်ပါတယ်။ အသီးနဲ့ ဟင်းသီးဟင်းရွက်မှာပါဝင်တဲ့ အန်တီအောက်စီဒန့်ဓာတ်တွေက ကျန်းမာရေးပြဿနာတွေကို သဘာဝအလျောက်ကုသပေးနိုင်ပါတယ်။ ကျန်းမားရေးနဲ့ညီညွှတ်စွာ နေထိုင်စားသောက်ပေးပါ။ သွေးတိုးရောဂါနဲ့ နှလုံးရောဂါမဖြစ်အောင် တစ်နေ့တာစားသုံးတဲ့အစားအစာမှာ ပရိုတင်းဓာတ်နဲ့ ကျန်းမာရေးအဆီအနှစ်တွေပါဝင်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးသင့်ပါတယ်။

Ref: Everyday Things That Can Lead To High Blood Pressure

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top