ပထမဆုံးစချိန်းတွေ့ရင် အမျိုးသားတွေကပဲ ပိုက်ဆံရှင်းသင့်သလား

46776428_2262018244016669_7015672492098322432_n.jpg

ချစ်သူအသစ်စက်စက်လေးနဲ့ပထမဆုံးချိန်းတွေ့ရတာ ပျော်ရွှင်ရင်ခုန် စိတ်လှုပ်ရှားစရာဖွယ်ကောင်းမှာပါပဲ။ ပထမဆုံးဒိတ်လုပ်ရင် ဘာလုပ်ကြမလဲ။ ပန်းခြံသွားမလား၊ ရုပ်ရှင်ကြည့်မလား၊ မုန့်သွားစားကြမလား။ အဲဒီအခါကျ ဘယ်သူကပိုက်ဆံရှင်းကြမှာလဲ။ ပထမဆုံးဒိတ်အတွက် အမျိုးသားကပေးသင့်တယ်၊ ဒါမှမဟုတ် ကိုယ်စားတာကိုယ်ရှင်း စသည်ဖြင့် အယူအဆအမျိုးမျိုးရှိပေမယ့်

ကနေဒီးယန်းစာရေးဆရာမ အန်း ရူချက်တို (Anne Rucchetto) ကတော့ ဘာဖြစ်လို့ပထမဆုံးဒိတ်အတွက် အမျိုးသားတွေပဲ ပိုက်ဆံရှင်းသင့်ကြောင်းကို သူ့ရှုထောင့်ကနေ အခုလိုဆွေးနွေးခဲ့ပါတယ်။“အခြေအနေတစ်ခုမှာ ဘယ်သူက အသာစီးရလဲဆိုတာ သူတို့နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံနဲ့အများကြီး သက်ဆိုင်တယ်။ အဲ့ဒီတော့ပိုက်ဆံရှင်းတဲ့ကိစ္စမှာ ဘယ်သူနဲ့အပြင်သွား စားသောက်ဆိုင်ထိုင်တာလဲပေါ်မူတည်တဲ့အတွက် အခြေအနေတိုင်းကို နှစ်ဖက်လုံးက ညီတူမျှတူ ပေးရမယ်လို့မမျှော်လင့်သင့်ဘူး။

လခနဲ့လူနေမှုပုံစံ : ကျွန်မတို့ကနေဒါမှာဆိုရင် ပုံမှန်အားဖြင့်အမျိုးသမီးတွေက အမျိုးသားတွေထက်ဝင်ငွေနည်းတယ်။ အမျိုးသားတွေတစ်ဒေါ်လာရတိုင်းမှာ အမျိုးသမီးတွေက ၆၉ ဆင့်ပဲ ရတယ်။ ပြီးတော့ စားဝတ်နေရေးအတွက် ကုန်ကျစရိတ်က အမျိုးသမီးမို့လို့ဆိုပြီးတော့လည်း လျော့ပေးတာမဟုတ်ဘူး။ အခြေအနေတော်တော်များများမှာ ကုန်ကျစရိတ်ကလည်း ပိုတောင်ကြီးသေးတယ်။

ရုပ်ရည်သွင်ပြင်နဲ့အမူအကျင့်: မိန်းကလေးတွေရဲ့ ရုပ်ရည်နဲ့ပတ်သက်ပြီး ဘယ်လို ပြင်ဆင်သင့်တယ်၊ လူမြင်ကွင်းဆို ဘယ်လို ပြုမူနေထိုင်သင့်လဲဆိုပြီး သတ်မှတ်ထားတဲ့စံတွေ အများကြီးပဲ။ အပြင်ထွက်ရင်လှတပတနေရမယ်။ ဝတ်ကောင်းစားလှဝတ်ရမယ်ဆိုတာတွေက ကျွန်မတို့ကို ကုန်ကျစရိတ်တွေပိုများစေပါတယ်။ ဒါ့အပြင်ကို ကျွန်မတို့ဟာ စိတ်ပိုင်းဆိုင်ရာအနေနဲ့လည်း မိန်းမတွေဟာ တည်တည်ငြိမ်ငြိမ်ရှိရမယ်။ နားလည်မှုပေးနိုင်ရမယ်၊ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေရှိရမယ်၊ ပတ်ဝန်းကျင်ကဘာတွေးမလဲဆိုတာကိုလည်း စဉ်းစားခိုင်းသေးတယ် အစရှိတဲ့တောင်းဆိုချက်တွေကလည်း ယောက်ျားတွေအပေါ် တောင်းဆိုတာထက်များလွန်းတယ်။

သူတို့ရဲ့ဈေးကြီးတဲ့ ကားတွေ၊ အပျံစားခရီးတွေ အကြောင်းကြွားတတ်တဲ့ ယောက်ျားတွေဟာ ကျွန်မနဲ့ပထမဆုံးဒိတ်မှာ ပိုက်ဆံကိုကြတော့ ခွဲရှင်းချင်တာ ကျွန်မတော့ နားမလည်နိုင်ဘူး။ ကျွန်မဆိုရင် တစ်ခါတလေ ကျွန်မနဲ့ဒိတ်တဲ့အမျိုးသားက ကျွန်မထက်ဝင်ငွေနည်းတာသိသာရင် ကျွန်မပဲ ပိုက်ဆံရှင်းပေးတတ်တယ်။ပထမဆုံးဒိတ်တွေက လူတန်းစားအလွှာအသီးသီးမှာရှိကြတဲ့သူတွေရဲ့ ဓနအင်အားအခြေအနေ၊ အရင်းအနှီး ကြံရည်ဖန်ရည်တွေကို လေ့လာနိုင်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်တယ်။ အဖော်ကောင်း၊ ပါတနာကောင်းဖြစ်ချင်တယ်ဆိုရင်တော့ ဒီကွာဟနေတဲ့ဝင်ငွေအခြေအနေ၊ လူမှုအနေအထားတွေကို ချိန်ညိ ပေးခြင်းက relationship တစ်ခုအတွက် အရေးပါတယ်လို့ကျွန်မတော့ထင်မိတာပဲ” လို့သူ့အမြင်ကိုဆွေးနွေးခဲ့ပါတယ်။

ရိုးရာလေးရဲ့ပရိသတ်တွေကကော ဘယ်လိုထင်မိပါသလဲ။ ကိုယ့်ချစ်သူနဲ့ပထမဆုံး ချိန်းတွေ့တုန်းကရော ဘယ်သူကပိုက်ဆံရှင်းပေးခဲ့လဲ။

Ref: BBC “Why most men should pay on first dates”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top