ပလတ်စတစ် ၁၃ ပေါင်လောက် စားမိထားတဲ့ ဝေလငါးသေတစ်ကောင် အင်ဒိုနီးရှားမှာ ကမ်းတင်လာခဲ့

indonesia-beached-whale-1000x570.jpg

ပြီးခဲ့တဲ့တစ်ပတ်က ဝေလငါးသေကြီးတစ်ကောင်ဟာ ပင်လယ်ထဲကမျောလာပြီး အင်ဒိုနီးရှားနိုင်ငံ၊ ဝါကာတိုဘီ (Wakatobi) အမျိုးသားဥယျာဉ်ကြီးထဲက ကာပိုတာ (Kapota) ကျွန်းရဲ့ ကမ်းပေါ်မှာ ကမ်းတင်လာခဲ့ပါတယ်။ ဝေလငါးသေကြီးဟာ ၃၁ ပေအရှည်ရှိပြီး ဘယ်သို့ဘယ်ပုံ သေဆုံးခဲ့ရတယ်လို့ အပ်ချမတ်ချ စစ်ဆေးမရတော့အောင် ပျက်စီးနေခဲ့ပြီ ဖြစ်ပါတယ်။

ဝေလငါးကို စစ်ဆေးကြည့်ရာမှာတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေအတွက် တုန်လှုပ်စရာဖြစ်ခဲ့ရပြီး အကြောင်းရင်းကတော့ ဝေလငါးသေကြီးရဲ့ ဗိုက်ထဲမှာ ပလတ်စတစ်အမာစားပစ္စည်း ၁၉ ခု၊ ပလတ်စတစ်ဘူး ၄ ဘူး၊ ပလတ်စတစ်အိတ် ၂၅ လုံး၊ ခြေညှပ်ဖိနပ် ၂ ရံ၊ ပလတ်စတစ်ကြိုးစတွေနဲ့ ပလတ်စတစ်ခွက် ၁၁၅ လုံးအပါအဝင် စွန့်ပစ် ပလတ်စတစ်ပစ္စည်း စုစုပေါင်း ၆ ကီလိုဂရမ် (၁၃ ပေါင်) ခန့် အထိ တွေ့ရှိခဲ့ရတာကြောင့်ပါပဲ။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း Pilot Whale အမျိုးအစား ဝေလငါးကြီးဟာ ပလတ်စတစ်အိတ် အလုံး ၈၀ စားမိပြီး ထိုငးနိုင်ငံမှာ သေဆုံး သောင်တင်လာခဲ့ဖူးပါတယ်။ နှစ်စဉ်နှစ်တိုင်းမှာ ကမ္ဘာ့သမုဒ္ဒရာထဲ ပလတ်စတစ် အမှိုက်တန်ချိန် ၁၀ သန်းခန့် စွန့်ပစ်ခံနေရတယ်လို့ UN က ဆိုခဲ့ပြီးနောက် သဘာဝ ပင်လယ်ရေနေ မျိုးစိတ်တွေရဲ့အနာဂတ်ဟာ စိုးရိမ်ရေမှတ်ကို ရောက်နေတာပါ။

တစ်ခါသုံး ပလတ်စတစ်ပစ္စည်းတွေကို အသုံးအစွဲများတဲ့ အင်ဒိုနီးရှားနိုင်ငံအပါအဝင် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ ပလတ်စတစ် စွန့်ပစ် အမှိုက်တွေရဲ့ အန္တရာယ်က ကြီးသည်ထက် ကြီးလာပါတယ်။ အာရှတိုက်က နိုင်ငံ ၅ ခုဖြစ်တဲ့ တရုတ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းစတဲ့ နိုင်ငံတွေမှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေရဲ့ ၆၀ ရာခိုင်နှုန်း ပမာဏဟာ ပင်လယ် သမုဒ္ဒရာထဲကိုပဲ ရောက်ရှိနေတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

၂၀၅၀ ခုနှစ် အရောက်မှာတော့ ကမ္ဘာ့သမုဒ္ဒရာအတွင်း ရေနေသတ္တဝါ အရေအတွက်ထက် ပလတ်စတစ် အမှိုက်တွေက ပိုမို သာလွန်မြောက်မြားစွာ စုပုံနေတော့မှာဖြစ်တယ်လို့ ပင်လယ် အဏ္ဏဝါ ကျွမ်းကျင်ပညာရှင်တွေဘက်ကလည်း ခန့်မှန်းချက် ထုတ်ထားကြပါတယ်။

Ref: BBC “Dead sperm whale found in Indonesia had ingested ‘6kg of plastic ”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top