ကလေးရဲ့ပါးစပ်ကို လူကြီးတွေ နမ်းလို့ ရောဂါပိုးကူးစက်ပြီး အနာစိမ်းပေါက်ခဲ့တဲ့ ၂ နှစ်သမီးလေး

10-2-2022-yyl31.jpg

လူကြီးတွေက ကလေးရဲ့ပါးစပ်ကို နမ်းပြီးတဲ့နောက် ကလေးရဲ့ပါးစပ်မှာ ဆိုးရွားတဲ့ရောဂါပိုးကူးစက်မှု (၃) ပတ်ကြာ ခံစားခဲ့ရတယ်လို့ ဩစတြေးလျနိုင်ငံက မိခင်တစ်ဉီးကို ပြောကြားခဲ့ပါတယ်။ လီယား ဂရင်း (Leah Green) ဆိုတဲ့အဲဒီ မိခင်က သူ့ရဲ့သမီးလေး ဆာဒီ (Sadie) က ပါးစပ်နဲ့နှုတ်ခမ်းတစ်ဝိုက် အနာဖြစ်စေတဲ့ herpes simplex mouth infection (ရေယုန်ရောဂါ) ကို ဘယ်လိုကူးစက်ခံခဲ့ရလဲဆိုတာကို Tiny Hearts Education မှာ ပို့စ်တင်ပြီး ပြောကြားခဲ့တာပါ။

ကလေးတွေကို ဘာကြောင့် မနမ်းသင့်လဲဆိုတာကို သူ့ရဲ့ပထမဆုံးအတွေ့အကြုံကနေ သင်ယူလေ့လာပါလို့ လီယားက ရေးသားခဲ့ပါတယ်။ Herpes Simplex Virus (HSV) ရှိတဲ့ အရွယ်ရောက်ပြီးသားသူတွေဆီကနေ ကလေးတွေက ကူးစက်ခံရနိုင်ပါတယ်။ အရွယ်ရောက်ပြီးသားသူ ၈၀ ရာခိုင်နှုန်းဝန်းကျင်အပေါ် HSV ကူးစက်ရောဂါသက်ရောက်မှုရှိနိုင်ပြီး HSV က ပါးစပ်တစ်ဝိုက်မှာ အစက်ကလေးတွေလို အဖုအသေးလေးတွေအနာစိမ်းတွေ ပေါက်ကာ ၂ ပတ်လောက်အထိ ရောဂါကို ခံစားရနိုင်ပါတယ်။

HSV ဖြစ်နေတဲ့လူကြီးတစ်ယောက်က ဆာဒီရဲ့နှုတ်ခမ်းကို နမ်းလိုက်ပြီးတဲ့နောက်မှာ ကလေးရဲ့နှုတ်ခမ်းမှာ အစက်သေးသေးလေး (၂) ခုပေါ်လာပြီး ကိုယ်အပူချိန် ၃၉ စင်တီဂရိတ်အထိ မြှင့်တက်သွားခဲ့ပါတယ်။ နာရီပိုင်းအတွင်း အစက်အပြောက်တွေက ကလေးရဲ့မျက်နှာအနှံ့ပျံ့သွားပြီး သူ့ရဲ့ပါးစပ်မှာ အဖြူရောင်အစက်ပုံစံအဖုတွေဖြစ်လာခဲ့ပါတယ်။ ကလေးရဲ့လျှာတွေမှာလည်း အဖြူရောင်အဖုတွေပေါက်ခဲ့ပါတယ်။

အဖြူရောင်အဖုတွေကို နည်းနည်းလေးထိလိုက်တာနဲ့ သွေးထွက်လာပြီး ဆာဒီက နာကျင်စွာ အော်ဟစ်တယ်လို့ ဆိုပါတယ်။ ကလေးက အရမ်းနာကျင်လွန်းလို့ မစားနိုင်မသောက်နိုင်ဖြစ်ပြီး ကိုယ်အလေးချိန်ကျတာနဲ့ ရေဓာတ်ကုန်ခန်းတာတွေဖြစ်လာခဲ့ပါတယ်။ ဆာဒီကို ဆရာဝန်ဆီခေါ်သွားပြတော့ ဆရာဝန်က အနာအတွက် လိမ်းဆေးပေးပြီး နာကျင်မှုပျောက်စေတဲ့၊ကူးစက်ရောဂါပျောက်ကင်းစေတဲ့ဆေးတွေကိုလည်း အချိန်ပြည့်တိုက်ပေးရပါတယ်။

သူ့ရဲ့ကလေး အရမ်းနာကျင်နေတာကို မြင်နေရတာက ကြောက်စရာကောင်းတယ်လို့ လီယားက ပြောပါတယ်။ သူ့ရဲ့ဇာတ်လမ်းက အသိအမြင်တွေတိုးပွားစေမယ်လို့ မျှော်လင့်ထားပါတယ်။ “ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီးတော့ သင့်ရဲ့ကလေးတွေကို အခြားသူတွေ မနမ်းစေပါနဲ့။ သူတို့က ဘယ်သူပဲဖြစ်ဖြစ်၊ သူတို့ စိတ်အနှောင့်အယှက်ဖြစ်သွားစေမယ်၊ သူတို့ရဲ့ခံစားချက်ကို ထိခိုက်စေမယ်လို့ သင်တွေးမိရင်လည်း ကိစ္စမရှိပါဘူး။ သင့်ကလေးဘေးကင်းလုံခြုံအောင်ပဲ ထားပါ ” လို့ လီယားက ပြောခဲ့ပါတယ်။

ကလေးတွေရဲ့မျက်နှာနဲ့ နှုတ်ခမ်းကို မနမ်းဖို့ သတိပေးနေတဲ့ မိဘတွေကလည်း လီယားရဲ့ပို့စ်မှာ မှတ်ချက်တွေ စုပြုံလာကြပါတယ်။ အခြားမိဘတွေကလည်း အလားတူအတွေ့အကြုံတွေကို မျှဝေခဲ့ကြပါတယ်။ အမျိုးသမီးတစ်ဉီးကဆိုရင် သူ့ရဲ့သားကို HSV ရှိတဲ့လူကြီးတစ်ယောက်က နမ်းလိုက်တဲ့အတွက် ဗိုင်းရပ်စ်ပိုးဝင်သွားခဲ့ပြီး တစ်ပတ်လောက် ဆေးရုံမှာ ၂၄ နာရီပြည့် ပဋိဇီဝဆေးပေးခဲ့ရတယ်လို့ မျှဝေခဲ့ပါတယ်။

Ref: Dailymail “Why you should NEVER kiss babies or toddlers near the mouth: Little girl, two, suffers ‘horrendous’ 21-day infection that left her screaming in agony and refusing to eat or drink”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top