အိုမီခရွန်နဲ့ ဒယ်တာ ပေါင်းထားတဲ့ ဒယ်တာခရွန် မျိုးကွဲသစ်ကို ဗြိတိန်နိုင်ငံမှာ တွေ့ရှိ

10-2-2022-yyl30.jpg

အိုမီခရွန်နဲ့ ဒယ်တာ ပေါင်းစပ်ထားတဲ့ ဒယ်တာခရွန် ကိုဗစ်မျိုးကွဲသစ်ကို ဗြိတိန်နိုင်ငံမှာ တွေ့ရှိရပြီး ကျန်းမာရေးဌာနအရာရှိတွေက စောင့်ကြည့်လျက်ရှိပါတယ်။ လူနာတစ်ဦးက အိုမီခရွန်နဲ့ ဒယ်တာ မျိုးကွဲ ၂ ခုလုံး တပြိုင်တည်းကူးစက်ခံရရာကနေ ဒယ်တာခရွန် ကိုဗစ်မျိုးကွဲသစ် ဖြစ်ပေါ်လာတာလို့ ယူဆထားကြပြီး မျိုးဗီဇ ပြောင်းလဲမှု အများကြီးတွေ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒယ်တာခရွန် မျိုးကွဲသစ်ဟာ ဗြိတိန်နိုင်ငံမှာ အစပြုတာလား၊ ပြည်ပကနေ ရောက်လာတာလားဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။

ဒယ်တာခရွန် မျိုးကွဲသစ်က ကူးစက်မှု ဘယ်လောက်မြန်လဲ၊ ရောဂါလက္ခဏာ ဘယ်လောက် ပြင်းထန်လဲ၊ ကာကွယ်ဆေးရဲ့ အာနိသင်ကို သက်ရောက်မှု ရှိစေသလားဆိုတာတွေကိုလည်း မသိရသေးပါဘူး။ ဒါပေမဲ့ ဒယ်တာခရွန် ကူးစက်ခံရသူ နည်းပါးသေးတာကြောင့် ဗြိတိန်ကျန်းမာရေးဌာန အရာရှိတွေက စိုးရိမ်မှုမရှိသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။ ဗြိတိန်နိုင်ငံမှာ ဒယ်တာမျိုးကွဲနဲ့ အိုမီခရွန်မျိုးကွဲတွေရဲ့ ကူးစက်မှုကို တွန်းလှန်နိုင်စွမ်း မြင့်မားတာကြောင့် ဒယ်တာခရွန်မျိုးကွဲသစ်ကို စိုးရိမ်စရာ သိပ်မရှိဘူးလို့ အရှေ့ပိုင်းအန်ဂလီယာတက္ကသိုလ်ရဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် ပါမောက္ခ ပေါလ်ဟန်တာက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မျိုးကွဲတွေ ပေါင်းစည်းပြီး မျိုးကွဲသစ် အများအပြား ဖြစ်ပေါ်ခဲ့ပေမဲ့ အကြီးအကျယ် ကူးစက်ပျံ့နှံ့ခဲ့တာမျိုးတော့ မရှိပါဘူး။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက ဗြိတိန်နိုင်ငံမှာ အယ်လ်ဖာမျိုးကွဲကနေ ဖြစ်ပေါ်လာတဲ့ မျိုးကွဲသစ် ပေါ်ပေါက်ခဲ့ဖူးပေမဲ့ လူ ၄၄ ယောက်ပဲ ကူးစက်ခံခဲ့ရပြီး ပျောက်ကွယ်သွားခဲ့သလို ပြီးခဲ့တဲ့နှစ် သြဂုတ်လကလည်း အယ်လ်ဖာနဲ့ ဒယ်တာ ပေါင်းစပ်ထားတဲ့ မျိုးကွဲသစ် ပေါ်ပေါက်ခဲ့ဖူးပါတယ်။ လူတစ်ဦးရဲ့ ဆဲလ်တစ်ခုတည်းမှာ ကိုဗစ်မျိုးကွဲ ၂ ခု တပြိုင်တည်း ကူးစက်တဲ့အခါ မျိုးဗီဇရောနှောမှုဖြစ်ပွားပြီး မျိုးကွဲသစ်တစ်ခု ထပ်ဖြစ်လာတာပါ။

ကိုဗစ်-၁၉ က ကပ်ရောဂါအဖြစ်ကနေ ကူးစက်ရောဂါအဖြစ် အသွင်ပြောင်းလဲလာချိန်မှာ ကူးစက်မြန်ပြီး ပိုပျော့တဲ့ မျိုးကွဲသစ်အဖြစ် တဖြည်းဖြည်းချင်း ပြောင်းလဲလာလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ ပိုပြင်းထန်တဲ့ မျိုးကွဲသစ်တွေ ဖြစ်လာနိုင်ခြေလည်း ရှိတယ်လို့ တချို့က သတိပေးထားကြပါတယ်။

Ref: Dailymail ” ‘Deltacron’ is real after all: Health chiefs are now officially keeping tabs on variant that’s a merger of Omicron and its predecessor Delta”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top