The Academy ကနေ နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ ဝီလ်စမစ်

2-4-2022-yyl01.jpg

၉၄ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွင်း ဝီလ်စမစ် (Will Smith) ဟာ စင်မြင့်ထက်မှာ အစီအစဉ်တင်ဆက်သူ ခရစ် ရော့ခ် (Chris Rock) ကို လက်ပါခဲ့ပြီးတဲ့နောက် the Academy of Motion Picture Arts & Sciences အဖွဲ့အစည်းကနေ နှုတ်ထွက်လိုက်ပြီလို့သိရပါတယ်။

သောကြာနေ့က Variety သတင်းဌာန ရရှိခဲ့တဲ့ ပထမဆုံး ထုတ်ပြန်ချက်ထဲမှာတော့ စမစ်က ဆုပေးပွဲအတွင်း သူ့ရဲ့လုပ်ရပ်ကို ထိတ်လန့်စရာ၊ နာကျင်စရာ၊ ခွင့်မလွှတ်နိုင်စရာအပြုအမူအဖြစ် သတ်မှတ်ခဲ့ပြီး Academy ရဲ့ အုပ်ချုပ်ရေးဘုတ်အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ဘယ်လိုအကျိုးဆက်ကိုမဆို လက်ခံမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

“ကျွန်တော် နာကျင်အောင်လုပ်ခဲ့မိတဲ့သူတွေက အများကြီးပါပဲ။ ခရစ်၊ သူ့ရဲ့မိသားစု၊ ကျွန်တော့်ရဲ့ချစ်လှစွာသောသူငယ်ချင်းတွေနဲ့ ချစ်ခင်ရသူတော်တော်များများ၊ ပွဲတက်ရောက်လာခဲ့သူအားလုံး၊ အိမ်ကနေ ကြည့်နေကြတဲ့ တစ်ကမ္ဘာလုံးက ကြည့်ရှုသူတွေအပါအဝင်ပါပဲ။ The Academy ရဲ့ယုံကြည်မှုကို ကျွန်တော် ချိုးဖောက်မိခဲ့တယ်။ အခြားဆန်ကာတင်စာရင်းဝင်သူတွေနဲ့ ဆုရရှိသူတွေကို သူတို့ရဲ့ထူးခြားပြောင်မြောက်တဲ့အလုပ်အတွက် ဂုဏ်ပြုဖို့ အခွင့်အရေးလက်လွှတ်ခဲ့ရတယ်။ ကျွန်တော် ကြေကွဲရပါတယ်” လို့ ဝီလ်စမစ်က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ဆုပေးပွဲအတွင်း ခရစ်ကို ရိုက်ခဲ့တာက အခြားဆုရရှိသူတွေအပေါ် လွှမ်းမိုးမှုဖြစ်စေခဲ့တယ်ဆိုတာကိုလည်း စမစ်က အသိအမှတ်ပြုခဲ့ပါတယ်။နောက်ထပ် အကြမ်းဖက်တာမျိုးကို မလုပ်ဆောင်ဖို့ကိုလည်း သန္နိဋ္ဌာန်ချထားတယ်လို့လည်း ဆိုပါတယ်။ စမစ်ရဲ့နှုတ်ထွက်ခြင်းကို လက်ခံခဲ့ပြီး အဖွဲ့ရဲ့ကျင့်ဝတ်စံနှုန်းတွေကို ချိုးဖောက်မှုအတွက် စည်းကမ်းပို်ငဆိုင်ရာအရေးယူမှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ The Academy က ပြောကြားခဲ့ပါတယ်။ စည်းကမ်းပိုင်ဆိုင်ရာ ကြားနာမှုကို စတင်ဖို့ The Academy အဖွဲ့အစည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နှစ်ရက်အကြာမှာ စမစ်က အခုလိုနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ဧပြီ ၁၈ ရက်နေ့ ကြားနာမှုမတိုင်ခင် ထုချေလွှာတင်ဖို့ စမစ်နဲ့ သူ့ရဲ့ရှေနေ့တွေက စီစဉ်ထားခဲ့တယ်လို့ မင်းသားနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေက အတည်ပြုပေးခဲ့ပြီးနောက် တစ်ရက်အကြာမှာ the Academy အဖွဲ့အစည်းကနေ စမစ်နှုတ်ထွက်တဲ့သတင်းထွက်ပေါ်လာခဲ့တာပါ။ ဧပြီ ၁၈ ရက်နေ့ကတော့ D-Day ပါပဲ။ စမစ် အော်စကာဆုပြန်သိမ်းခံရမလားဆိုတာ သိရှိရမှာဖြစ်ပါတယ်။ စမစ်ရဲ့ လာမယ့်ပရောဂျက်တွေရဲ့အခြေအနေကလည်း မေးခွန်းထုတ်နေရဆဲပါပဲလို့ အရင်းအမြစ်တွေအရ သိရပါတယ်။

စမစ် နှုတ်ထွက်တဲ့သတင်းထွက်ရှိပြီးတဲ့နောက်မှာ Good Morning America က အော်စကာပရိုဂျူဆာ ဝီလ် ပက်ကာ (Will Packer) နဲ့ အင်တာဗျူးလုပ်တော့ အခမ်းအနားနေ့ကအဖြစ်အပျက်ကို ပြောသွားခဲ့ပါတယ်။ စမစ်က ခရစ်ကို စင်ပေါ်မှာ ရိုက်ပြီးနောက် Academy တာဝန်ရှိသူတွေက စမစ်ကို အခမ်းအနားက ထွက်သွားဖို့ တောင်းဆိုခဲ့တယ်လို့ ပက်ကာက ပြောပါတယ်။ စမစ်က သူတို့ တောင်းဆိုတာကို မလုပ်တဲ့အတွက် စမစ်ကို ဖယ်ရှားပစ်ဖို့ စဉ်းစားနေခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့တွဲဖက်ပရိုဂျူဆာ ရှေလာ ကိုဝမ် (Shayla Cowan) က စမစ်ကို Academy တာဝန်ရှိသူတွေက ဖယ်ရှားတော့မယ်လို့ သူ့ကို အသိပေးခဲ့တယ်လို့ ပက်ကာက ပြောပါတယ်။ “သူတို့ စကားပြောကြတုန်းက ကျွန်တော်မပါဝင်ဖြစ်ခဲ့တဲ့အတွက် ချက်ခြင်းပဲ Academyရဲ့ခေါင်းဆောင်ပိုင်းဆီ သွားခဲ့တယ်။ ခရစ်က အဲဒီလိုလုပ်တာမျိုးမလိုချင်ဘူး။ ခရစ်က အခြေအနေတွေ ပိုဆိုးသွားမှာ မလိုချင်ခဲ့ဘူး။ အဲဒီအချိန်တုန်းက ခရစ်က လုပ်ချင်တာ၊ စမစ်ကို ဖယ်ရှားမပစ်ချင်တာတွေကို ကျွန်တော် ထောက်ခံနေခဲ့တယ်” လို့ ပက်ကာက ပြောပါတယ်။

ရဲတွေက သူတို့ စမစ်ကို အခမ်းအနားကနေ ဖယ်ထုတ်ပြီး ရိုက်နှက်မှုအတွက် သူ့ကိုဖမ်းရလိမ့်မယ်လို့ ခရစ်ကို ပြောခဲ့တယ်လို့ ပက်ကာက ပြောပါတယ်။ ခရစ်ကို ရဲတွေကို ငြင်းခဲ့ပေမဲ့ ဆုံးဖြတ်ချက်မချခင် သူတို့ပြောတာကို ပြီးအောင်နားထောင်ဖို့ သူ့ကို တိုက်တွန်းခဲ့တယ်လို့ ပက်ကာက ပြောပါတယ်။ “ရဲတွေက ရွေးချယ်ဖို့ ဆက်တိုက်ပြောနေပေမဲ့ ခရစ်က အဲဒီရွေးချယ်စရာတွေကို ငြင်းဆန်နေခဲ့တယ်။ မဟုတ်ဘူး…ကျွန်တော်အဆင်ပြေတယ်။ မလုပ်ဘူး…မလုပ်ဘူး…မလုပ်ဘူးတဲ့” လို့ ပက်ကာက ပြောခဲ့ပါတယ်။

ခရစ်က စွဲချက်တင်ဖို့ ငြင်းဆိုခဲ့ပေမဲ့ တနင်္ဂနွေနေ့က ထုတ်ပြန်ချက်မှာ “နောက်ပိုင်း ကာယကံရှင်က စွဲချက်တင်ဖို့ ဆန္ဒရှိလာရင် LAPD က စုံစမ်းစစ်ဆေးမှုကို လုပ်ဆောင်ပေးသွားမယ်”လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

Ref: Dailymail “Will Smith RESIGNS from the Academy of Motion Picture Arts & Sciences: ‘Heartbroken’ actor says he’ll accept the consequences as he faces possible expulsion for slapping Chris Rock at the Oscars”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top