သီရိလင်္ကာနိုင်ငံမှာ ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လူမှုကွန်ရက်တွေ ပိတ်ပင်ထား

2-4-2022-yyl07.jpg

အစားအစာနဲ့ လောင်စာဆီ ရှားပါးပြတ်လတ်မှုကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ သီရိလင်္ကာအစိုးရက လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်ထားပြီး ၃၆ နာရီကြာ ညမထွက်ရအမိန့် ကြေညာထားပါတယ်။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရဘဲ အများပြည်သူဆိုင်ရာ လမ်းတွေ၊ ပန်းခြံတွေ၊ ရထားတွေ၊ ကမ်းခြေတွေကို လာခွင့်မရှိဘူးလို့ သမ္မတ ရာဂျာပါဆာက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့ နေဝင်ရီတရောအချိန်ကစပြီး ညမထွက်ရအမိန့် စတင်သက်ရောက်ခဲ့တာပါ။ ဒါ့အပြင် ဖေ့ဘွတ်ခ်၊ တွစ်တာ၊ အင်စတာဂရမ်တို့အပါအဝင် လူမှုကွန်ရက်တွေကိုလည်း ပိတ်ပင်ထားပါတယ်။ WhatsApp လည်း သုံးမရဖြစ်နေပြီး ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးကော်မရှင်ရဲ့ ညွှန်ကြားချက်အရ အခုလို ဖြစ်ရတာပါဆိုတဲ့ မက်ဆေ့ ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့က သမ္မတအိမ်တော်နားမှာ ဆန္ဒပြသူတွေက ကားတွေကို မီးရှို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့ပြီး ဆန္ဒပြပွဲသစ်တွေ ထပ်မဖြစ်စေဖို့ အခုလို တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေတာပါ။ အဲဒီဖြစ်ရပ်အပြီး စစ်တပ်ကို ဖြန့်ကျက်ထားပြီး အခုအချိန်မှာတော့ သံသယရှိသူတွေကို ဖမ်းဆီးမိန့်မပါဘဲ ဖမ်းခွင့် ရှိနေပါပြီ။

သီရိလင်္ကာနိုင်ငံဟာ နိုင်ငံခြားငွေ ပြတ်လပ်မှု ကြုံတွေ့နေပြီး လောင်စာဆီ မှာယူရာမှာ နိုင်ငံခြားငွေနဲ့ ပေးချေရတာကြောင့် လောင်စာဆီ ပြတ်လပ်မှု ကြုံတွေ့နေပါတယ်။ နေ့တစ်ဝက်ထက် ပိုကြာတဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ ဖြစ်ခဲ့ပြီး လောင်စာဆီ ပြတ်လပ်မှု၊ မရှိမဖြစ်လိုအပ်တဲ့ အစားအစာနဲ့ ဆေးဝါး ပြတ်လပ်မှုတွေကြောင့် ပြည်သူတွေရဲ့ ဒေါသထွက်မှု ကြုံတွေ့နေရတာပါ။

ပြီးခဲ့တဲ့ကြာသပတေးနေ့က သမ္မတအိမ်တော်အနီး ဆန္ဒပြမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း စတင်ခဲ့ပေမဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့၊ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ပြီး ဆန္ဒပြသူတွေကို ရိုက်နှက်ခဲ့လို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာလို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဆိုပါတယ်။ အဲဒီနောက်မှာ ဆန္ဒပြသူတွေက ရဲတွေကို ကျောက်ခဲနဲ့ ပြန်ပစ်ခဲ့ပါတယ်။ အဓိကရုဏ်း ဖြစ်ပွားမှုမှာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၂ ဒါဇင်လောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က ဆန္ဒပြသူ ၅၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး သတင်းဓာတ်ပုံရိုက်ကူးသူ ၅ ယောက်လည်း ရဲစခန်းမှာ ထိန်းသိမ်း၊ နှိပ်စက်ခံခဲ့ရတယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။ ဆန္ဒပြပွဲတွေကို ဖြိုခွင်းခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ဆက်ရှိခဲ့ပြီး တခြားမြို့တွေကိုပါ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။ ကိုလမ်ဘိုမြို့က ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေက သမ္မတ ရာဂျာပါဆာ နုတ်ထွက်ပေးဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ဖော်ပြခဲ့ကြပါတယ်။

Ref:BBC “Sri Lanka imposes curfew and blocks social media amid

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top