ပထမဆုံး အမျိုးသမီးချန်ပီယံလုပွဲ၊ စိုးမင်းအောင်၏ ပွဲစဉ်တို့နှင့်အတူ သြဂုတ်လ ၂၈ ရက်နေ့ ကျင်းပမည့် WLC: Hideout Battle

7-8-2020-yyl-029.jpg

ကမ္ဘာ့အဆင့်မြန်မာ့ရိုးရာလက်ဝှေ့ပွဲများစီစဉ်နေသည့် အကြီးဆုံးအဖွဲ့အစည်းဖြစ်သော WLC သည် သြဂုတ်လ ၂၈ ရက်နေ့တွင် ပရိသတ်မပါသည့် နိုင်ငံတကာပွဲတစ်ခုစီစဉ်ကျင်းပပြီး ၎င်းတို့၏ ပွဲတင်ဆက်မှုကို ပြန်လည်စတင်တော့မည်ဖြစ်သည်။ WLC ၏ ၁၂ ကြိမ်မြောက် ပြိုင်ပွဲဖြစ်သော ယခုပွဲတွင် ခေါင်ပွဲအဖြစ် ပြင်သစ်ဖိုက်တာဆိုရိစ်မန်ဖရက်ဒီနှင့် စပိန်လက်ဝှေ့မယ် မိုင်ရှာကက်ဇ်တို့ ဘင်တန်ဝိတ်တန်းအမျိုးသမီးကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ရင်ဆိုင်ကြမည်ဖြစ်ကာ ဒုခေါင်ပွဲတွင် ပရိသတ်အချစ်တော် စိုးမင်းအောင်က ဥဇဘက်ကစ္စတန်ကစားသမား အာသာတီနှင့် ထိုးသတ်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

WLC: Hideout Battle ကို သြဂုတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန်ညနေ ၆း၃၀ နာရီတွင် စတင်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းတွင် CANAL+ က ပြသသွားမည်ဖြစ်သည်။ ထို့အပြင် တိုက်ခိုက်ရေးအားကစားများ၏ နာမည်ကျော်ဒစ်ဂျစ်တယ်ပလက်ဖောင်းဖြစ်သော UFC Fight Pass ကလည်း ပြသသွားမည်ဖြစ်ကာ ယခုပွဲကို စံချိန်တင်အဖြစ် အခြားနိုင်ငံပေါင်း ၁၀၀ ကျော်တွင် ထုတ်လွှင့်ပြသသွားမည်ဟု သိရသည်။

ယခုပြိုင်ပွဲနှင့်ပတ်သက်၍ WLC ဥက္ကဌ ဦးဇေသီဟက “သြဂုတ်လ ၂၈ ရက်နေ့မှာ ကမ္ဘာ့အဆင့်ပွဲတွေနဲ့အတူ ပြန်လာရတော့မယ့်အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့ရဲ့ ရုပ်သံပါတနာအသစ်တွေကြောင့် WLC ပွဲတွေကို နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ကြည့်ရှုခွင့်ရနိုင်တော့မှာပါ။ သမိုင်းဝင် ပထမဆုံးအမျိုးသမီးချန်ပီယံလုပွဲအတွက်လည်း အရမ်းစိတ်လှုပ်ရှားမိပါတယ်။ သူတို့ ၂ ယောက်လုံးက ကမ္ဘာ့အဆင့်ဖိုက်တာတွေဖြစ်ပြီး အမျိုးသမီးတွေလည်း မြန်မာ့လက်ဝှေ့မှာ အစွမ်းပြနိုင်တယ်ဆိုတာ ကမ္ဘာသိအောင်လုပ်ဖို့က ကျွန်တော်တို့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပါ” ဟု ပြောကြားခဲ့သည်။

ဆိုရစ်မန်ဖရက်ဒီ

WLC အမျိုးသမီးပွဲစဉ်များတွင် အလဲထိုးနိုင်ပွဲရယူနိုင်သည့် ပထမဆုံးဖိုက်တာဖြစ်ပြီး ကမ္ဘောဒီးယားမှ အဲယာနက်၊ ဗီယက်နမ်ဖိုက်တာ ထရန်သီလျူအာတို့အား အနိုင်ရထားသူဖြစ်သည်။ ပြင်သစ်နိုင်ငံတွင် မွေးဖွားခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံ၌နေထိုင်ကာ ပထမဆုံးအမျိုးသမီးကမ္ဘာ့ချန်ပီယံဖြစ်လာရန် လေ့ကျင့်ကြိုးပမ်းနေသူဖြစ်သည်။

မိုင်ရှာကက်ဇ်

တိုက်ခိုက်ရေးအားကစားလောက၏ တိုးတက်မှုအလျင်မြန်ဆုံး ကစားသမားတစ်ဦးဖြစ်ပြီး ကမ္ဘာတစ်လွှားတွင် ပွဲ ၂၀ ယှဉ်ပြိုင်ထိုးသတ်ကာ ၁၇ ပွဲ အနိုင်ရထားသူဖြစ်သည်။ ကမ္ဘာ့အနှံ့ပြိုင်ပွဲများတွင် အတွေ့အကြုံရင့်ကျက်သူ မိုင်ရှာကက်ဇ်မှာ မြန်မာ့ရိုးရာလက်ဝှေ့မယ်အဖြစ် ကူးပြောင်းယှဉ်ပြိုင်ရန် စိတ်အားထက်သန်နေသူဖြစ်သည်။

စိုးမင်းအောင်

ဘင်တန်ဝိတ် (၅၁ – ၅၄ ကီလို) တန်းတွင် ကမ္ဘာ့အကောင်းဆုံးစာရင်းဝင်သူဖြစ်ပြီး နောက်မဆုတ်တမ်းရင်ဆိုင်ထိုးသတ်တတ်သည့်ပုံစံကြောင့် နာမည်ကျော်သူဖြစ်သည်။ WLC နှင့် ပွဲဦးထွက်တွင် မွေးရပ်မြေမြန်မာနိုင်ငံ၌ ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူကာ အဖွင့်လှခဲ့သူဖြစ်သည်။

အာသာတီ

Max FC ကစ်ဘောက်ဆင်ကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သည့် အာသာတီမှာ ကိုရီးယားသွေးနှောသည့် ဥဇဘက်ကစ္စတန်ဖိုက်တာဖြစ်ပြီး ၎င်း၏ ထိုးသတ်ရင်ဆိုင်ပုံမှာ မြန်မာ့ရိုးရာလက်ဝှေ့နှင့် သင့်တော်ကိုက်ညီသောအနေအထားတွင်ရှိသူဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top