မြန်မာစစ်တပ်အရာရှိတွေရဲ့ ဒေတာတွေကို ဖော်ပြပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုချက်ကို ဖေ့ဘွတ်ခ် ကန့်ကွက်

7-8-2020-yyl-028.jpg

ဖေ့ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှာ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင်တွေ ရေးသားဖော်ပြတဲ့ ပို့စ်တွေ၊ ပြောဆိုဆက်သွယ်မှုတွေကို ဖော်ပြပေးဖို့ ဂမ်ဘီယာနိုင်ငံရဲ့ တောင်းဆိုချက်ကို ဖေ့ဘွတ်ခ်ကုမ္ပဏီက ကန့်ကွက်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ဘင်္ဂါလီလူနည်းစုကို ဂျီနိုဆိုက်လုပ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ကမ္ဘာ့တရားရုံးမှာ စွဲချက်တင်ထားပါတယ်။ ဂမ်ဘီယာနိုင်ငံရဲ့တောင်းဆိုချက်ဟာ အီလက်ထရောနစ်ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီတွေအနေနဲ့ အသုံးပြုသူတွေရဲ့ ပြောဆိုဆက်သွယ်မှုတွေကို ထုတ်ဖော်ခြင်းမလုပ်ဖို့ တားမြစ်ထားတဲ့ အမေရိကန်နိုင်ငံရဲ့ဥပဒေကို ချိုးဖောက်ရာရောက်မယ့်အတွက် ပယ်ချပေးဖို့ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ဖေ့ဘွတ်ခ်ကုမ္ပဏီက အမေရိကန်နိုင်ငံ ခရိုင်တရားရုံးကို လျှောက်ထားခဲ့ပါတယ်။

မြန်မာစစ်တပ်အရာရှိတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဖေ့ဘွတ်ခ်ပေါ်က မှတ်တမ်းမှတ်ရာတွေနဲ့ ပြောဆိုဆက်သွယ်မှုတွေအားလုံးကို ဖော်ပြပေးဖို့ ပြီးခဲ့တဲ့ဇွန်လမှာ ဂမ်ဘီယာနိုင်ငံက တောင်းဆိုခဲ့တာပါ။ ဒီတောင်းဆိုမှုဟာ အဆမတန်ကျယ်ပြန့်လွန်းပြီး အကောင့်တွေကို စည်းလွတ်ဘောင်လွတ် ဝင်ကြည့်ခွင့်ပေးသလို ဖြစ်စေလိမ့်မယ်လို့ ဖေ့ဘွတ်ခ်ကုမ္ပဏီက ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို အကျဉ်းချုံးအစီရင်ခံထားတယ်လို့ ဆိုပေမဲ့ မှတ်ချက်မပေးနိုင်သေးဘူးလို့ ဂမ်ဘီယာအစိုးရရှေ့နေချုပ် ဒေါ်ဒါဂျာလောက ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံဟာ OIC အဖွဲ့ဝင်နိုင်ငံတွေရဲ့ ထောက်ပံ့မှုကိုရယူပြီး ဟော်လန်နိုင်ငံ သည်ဟိဂျ်မြို့က နိုင်ငံတကာတရားရုံး (ICJ)မှာ မြန်မာအစိုးရကို စွဲချက်တင်ခဲ့တာပါ။ လက်နက်ကိုင်အဖွဲ့တွေကြောင့် နယ်မြေမတည်ငြိမ်မှုကို ရင်ဆိုင်ဖြေရှင်းခဲ့ရတာဖြစ်တယ်လို့ မြန်မာအစိုးရက လျှောက်လဲခဲ့ပြီး စနစ်တကျ သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆန်ခဲ့ပါတယ်။

ဖေ့ဘွတ်ခ်လူမှုကွန်ရက်ဟာ ဆူပူအုံကြွမှုတွေကို မြင့်တက်စေတဲ့ အမုန်းစကား ပျံ့နှံ့မှုမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတယ်လို့ ၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူတွေက ပြောခဲ့ဖူးပါတယ်။ ဖေ့ဘွတ်ခ်ကုမ္ပဏီကတော့ အမုန်းစကားတွေကို တားဆီးပိတ်ပင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ” နိုင်ငံတကာရာဇဝတ်မှုတွေကို ဆန့်ကျင်တိုက်ဖျက်တဲ့ အရေးယူလှုပ်ရှားမှုတွေကို ကျွန်တော်တို့ အားပေးပါတယ်။ ဒီဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးနေတဲ့ အာဏာပိုင်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်”လို့ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ဖေ့ဘွတ်ခ်ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref: Reuters ” Facebook rejects request to release Myanmar officials’ data for genocide case “

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top