ရက်ကွန်းဝံအကောင် ၁၀၀ လောက် ခြံထဲရောက်လာလို့ အရေးပေါ်အဖွဲ့ထံ ဖုန်းဆက်အကူအညီ တောင်းခဲ့ရ

21.10.2024-yyl-5.png

ရက်ကွန်းဝံအကောင် ၁၀၀ လောက်က ခြံထဲဝင်လာပြီး အစာ လာတောင်းနေလို့ အိမ်ထဲကနေ အပြင်မထွက်ရဲတဲ့ အမျိုးသမီးတစ်ယောက်က အရေးပေါ်အဖွဲ့ထံ ဖုန်းဆက်အကူအညီတောင်းခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၊ ပိုစဘိုမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ကတည်းက ရက်ကွန်းဝံမိသားစုကို အစာကျွေးလာခဲ့တာပါ။

ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းပတ် ၆ ပတ်ကစပြီး ရက်ကွန်းဝံအကောင်ရေ သိသိသာသာ များလာပြီး အကောင် ၁၀၀ ဝန်းကျင်အထိ ရှိလာခဲ့တာပါ။ အကောင်ရေ များလွန်းလို့ အမျိုးသမီးကြီးကလည်း အိမ်ပြင်မထွက်ရဲလောက်အောင် ကြောက်ရွံ့နေခဲ့ပြီး အရေးပေါ်အဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းခဲ့တာပါ။

ပိုစဘိုမြို့မှာ ရက်ကွန်းဝံတွေကို တွေ့နေကြဖြစ်ပေမဲ့ ဒီလောက် အကောင်ရေအများကြီး တစ်ခါမျှမတွေ့ဖူးလို့ အရေးပေါ်အဖွဲ့ပါ အံ့အားသင့်ခဲ့ရပါတယ်။

ဒီဖြစ်ရပ်မှာ အရေးပေါ်အဖွဲ့က ရက်ကွန်းဝံတွေကို ခြောက်လှန့်ရှင်းလင်းပေးခဲ့ပြီး နောက်ထပ်အစာကျွေးတာမျိုး မလုပ်ဖို့ အမျိုးသမီးကို သတိပေးခဲ့ပါတယ်။ သားရဲတိရစ္ဆာန်တွေက အစာစားရလေ့ရှိတဲ့နေရာကို ပုံမှန်လာလေ့ရှိပြီး နောက်ထပ်အကောင်တွေပါ ထပ်ပါလာနိုင်လို့ သားရဲတိရစ္ဆာန်တွေကို အစာကျွေးတာမျိုးမလုပ်ဖို့ အာဏာပိုင်တွေက တားမြစ်ထားပါတယ်။

Ref: Woman Forced to Call Police After Having Home Besieged by 100-Strong Raccoon Army
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top