မောင်ဖြစ်သူကို ပြန်ပေးဆွဲ သတ်ဖြတ်ပြီး တိမ်းရှောင်နေတဲ့ တရားခံကို ဖမ်းဆီး အရေးယူနိုင်ရေးအတွက် တရုတ်အမျိုးသမီးတစ်ဦးက ဆယ်စုနှစ် ၃ ခုတိုင်တိုင် ကြိုးပမ်းခဲ့ပါတယ်။ ၁၉၉၂ ခုနှစ် ဒီဇင်ဘာလမှာ လီဟိုင်ယုရဲ့ဖခင်နဲ့ သူစိမ်းအမျိုးသားတစ်ဦး လစာကိစ္စ စကားများခဲ့ကြပြီး အဲဒီအမျိုးသားက လီဟိုင်ယုရဲ့ ၉ နှစ်အရွယ် မောင်ဖြစ်သူကို ပြန်ပေးဆွဲခဲ့ပါတယ်။
ကျောင်းက ပြန်လာချိန် ပျောက်ဆုံးသွားတဲ့ ကလေးငယ် လီဟွမ်ပင်းကို ဟီနန်ပြည်နယ်တစ်ဝိုက် ပိုက်စိပ်တိုက် ရှာဖွေကြပေမဲ့ သူ့ရဲ့အင်္ကျီကိုပဲ တွေ့ခဲ့ကြပါတယ်။ နောက်တစ်နှစ် ဖေဖော်ဝါရီလမှာတော့ လီဟွမ်ပင်းရဲ့ ရုပ်အလောင်းကို တွေ့ခဲ့ပြီး ပြန်ပေးဆွဲသူကိုတော့ လုံးဝရှာမတွေ့ခဲ့ပါဘူး။ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ လီဟွမ်ပင်းကို ဓားနဲ့ထိုးသတ်ပြီး ကြံခင်းထဲ လာပစ်ထားတာလို့ ဆိုပါတယ်။ လီဟိုင်ယုရဲ့ဖခင်ကတော့ ဝမ်းနည်းစရာကောင်းတဲ့ ဒီသတင်းကို သူ့မိသားစုမသိအောင် ဖုံးကွယ်ထားခဲ့တာကြောင့် မိသားစုဝင်တွေကတော့ လီဟွမ်ပင်းကို တစ်နေ့ရှာတွေ့နိုးနိုးဆိုတဲ့ မျှော်လင့်ချက်နဲ့ အချိန်ကုန်ခဲ့ကြပါတယ်။
လီဟိုင်ယုဟာ ၁၉၉၇ ခုနှစ်ကစပြီး ယူနန်၊ စီချွမ်၊ ကွေ့ကျိုး၊ ကွမ်ရှီးအစရှိတဲ့ ပြည်နယ်တွေကို လှည့်လည်သွားလာကာ မောင်ဖြစ်သူကို လိုက်လံရှာဖွေခဲ့ပါတယ်။ သူဟာ အခက်အခဲအမျိုးမျိုး ကြုံခဲ့ပြီး နှစ်ကြိမ်တိုင်တိုင် ပြန်ပေးဆွဲခံရမယ့် အန္တရာယ်ကြုံခဲ့ပေမဲ့ လက်မလျှော့ခဲ့ပါဘူး။ ဖခင်ဖြစ်သူဟာ သေလုဆဲဆဲ အချိန်မှာတော့ မောင်ဖြစ်သူ အသတ်ခံရတဲ့အကြောင်းကို အမှန်အတိုင်း ထုတ်ပြောခဲ့ပြီး လူသတ်သမားဟာ ယီမော်ချင်းလို့ အမည်ရသူ ဖြစ်ကြောင်း၊ ယီမော်ချင်းရဲ့မွေးရပ်ဇာတိနဲ့ ပုံပန်းသဏ္ဍာန်ကိုပါ သေတမ်းစာထဲမှာ ထည့်သွင်းရေးသားထားခဲ့ပါတယ်။
ဒီနောက်မှာတော့ လီဟိုင်ယုက ယီမော်ချင်းရဲ့ မွေးရပ်ဇာတိဖြစ်တဲ့ ကျဲ့ကျန်းပြည်နယ်၊ နင်ဘိုမြို့ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဖခင်ရဲ့စာထဲက ပုံပန်းသဏ္ဍာန်မျိုးရှိသူကို လိုက်လံရှာဖွေခဲ့ပါတယ်။ အလုပ်လိုက်ရှာတဲ့ပုံစံမျိုး ဟန်ဆောင်ပြီး သွားလာလှုပ်ရှားခဲ့တဲ့ လီဟိုင်ယုဟာ ယီမော်ဟွာဆိုတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ခဲ့ပြီး သူ့ပုံစံကလည်း ဖခင်ရဲ့စာထဲက ပုံပန်းသဏ္ဍာန်မျိုး ဖြစ်နေတာ သတိထားမိခဲ့ပါတယ်။ သူဟာ ယီမော်ဟွာကို မိတ်ဆွေဖွဲ့ရင်း သူ့အကြောင်းတွေ စုံစမ်းခဲ့တာ ၃ နှစ်နီးပါး ကြာခဲ့ပါတယ်။ အဲဒီအချိန်မှာ တချို့သူတွေက ယီမော်ဟွာကို ယီမော်ချင်းလို့လည်း ခေါ်ကြတာ သိရှိခဲ့ပြီး နာမည်အရင်းက ဘာလဲလို့ ထုတ်မေးခဲ့တာပါ။
ယီမော်ချင်းက သူ့ရဲ့ငယ်ဘဝနာမည်ဖြစ်ပြီး နောက်ပိုင်းမှာ ယီမော်ဟွာလို့ပဲ ခေါ်ကြတဲ့အကြောင်း သိလိုက်ရတဲ့အချိန်မှာတော့ လီဟိုင်ယုက ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး ပြန်ပေးဆွဲမှု၊ လူသတ်မှုတွေနဲ့ ဖမ်းဆီးပေးဖို့ တိုင်ချက်ဖွင့်ခဲ့တာပါ။
ယီမော်ချင်းကို ၂၀၂၀ ပြည့်နှစ်မှာ ဖမ်းဆီးခဲ့ပေမဲ့ သက်သေအထောက်အထား ခိုင်လုံခြင်းမရှိဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာတော့ အစိုးရရှေ့နေက ယီမော်ချင်းကို ပြန်လည်ဖမ်းဆီး စစ်ဆေးဖို့ အမိန့်ချမှတ်ခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာတော့ လူသတ်မှုနဲ့ ရုံးတင်စစ်ဆေးခဲ့ပါတယ်။ လီဟိုင်ယုကတော့ မောင်ဖြစ်သူကို သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်အတွက် ယီမော်ချင်းကို သေဒဏ်ချမှတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
Ref:Woman Spends 27 Years Tracking Down Brother’s Killer, Chats with Him Online for 3 Years to Confirm His Identity
NZ (ရိုးရာလေး)