အထည်ဟောင်းရောင်းပြီး အိမ်ဝယ်နိုင်ခဲ့တဲ့ ဆေးကျောင်းသူ

13-5-2022-yyl-06.jpg

အဟောင်းဆိုင်ကနေ ၅ ဒေါ်လာနဲ့ ဝယ်ခဲ့တဲ့ တီရှပ်ကို လျှော်ဖွတ်၊ မီးပူတိုက်ပြီး ဒေါ်လာ ၂၀ နဲ့ ပြန်ရောင်းနိုင်ခဲ့တာဟာ အိုလီဗီယာကို ကြားပေါက်အလုပ်လုပ်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။ အုတ်ကလန်တက္ကသိုလ်မှာ ဆေးပညာသင်ယူနေတဲ့ အိုလီဗီယာဟာ ၄ နှစ်စာအတွက် သင်တန်းကြေး အမေရိကန်ဒေါ်လာ ၂၂၀,၀၀၀ ( မြန်မာငွေ သိန်း ၄၀၀၀ ကျော်) သွင်းရလို့ ချေးငွေယူထားရသူပါ။

ချေးငွေ ပြန်ဆပ်ရမယ့်ကိစ္စလည်း ရှိနေလို့ အပိုဝင်ငွေရအောင် တစ်ခုခုလုပ်ဖို့ စဉ်းစားမိခဲ့ပါတယ်။ အိုလီဗီယာက သူ မဝတ်တော့တဲ့ အထည်ဟောင်းတွေကို Poshmark app ကနေ ပြန်ရောင်းလေ့ရှိပါတယ်။ ဒါပေမဲ့ ဝင်ငွေများများစားစား ရမယ်လို့တော့ သူ မထင်ခဲ့ပါဘူး။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု မြင့်တက်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာတော့ အဟောင်းဆိုင်တွေက တစ်ပတ်ရစ်အထည်တွေဝယ်ပြီး Poshmark app ကနေ ပြန်ရောင်းနေသူတွေ ဝင်ငွေဖြောင့်နေတာကို သူ သတိထားမိသွားတယ်။ အဲဒါနဲ့ သူလည်း တခြားသူတွေလုပ်သလို လိုက်စမ်းကြည့်တော့တာပဲ။ ဒီလိုစမ်းရင်းနဲ့ အရောင်အသွေးတောက်တဲ့ အဝတ်အထည်တွေက အရောင်းသွက်မှန်း သူ သိသွားတယ်။

စစချင်းတော့ သူလည်း ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်ဆိုတော့ တော်တော်လေး ကသီတာပေါ့။ နောက်ပိုင်းကျမှ အချိန်စီမံတတ်သွားတယ်။ သောကြာနေ့ညနေ ကျောင်းဆင်းချိန်တွေဆိုရင် အထည်ဟောင်းဆိုင်တွေကို သူ ပတ်မွှေပြီ။ အိမ်ပြန်ရောက်ရင် အထည်တွေကို အမျိုးအစားခွဲတယ်၊ သစ်လွင်တောက်ပလာအောင် လုပ်တယ်။

တနင်္ဂနွေနေ့မှာ အထည်တွေကို ဓာတ်ပုံရိုက်တယ်။ တချို့အထည်တွေဆိုရင် သူကိုယ်တိုင် ဝတ်ပြတယ်။ တနင်္လာနေ့ကျရင် သူ ဆေးရုံတွေ သွားရတယ်။ ဒါပေမဲ့ နားချိန်ရောက်တာနဲ့ အသစ်ထပ်ရောက်လာတဲ့ အထည်တွေကို သူ့ရဲ့ Poshmark ပေါ် တင်ရောင်းတယ်။ ကြားရက်တွေဆိုရင်တော့ အော်ဒါတွေကို စာတိုက်သွားပို့ရတာပေါ့။ ဒါက အိုလီဗီယာရဲ့တစ်ပတ်တာ လုပ်ဆောင်မှုပါပဲ။

” အစီအစဉ်တကျဖြစ်အောင် အလေ့အကျင့်တော့ လုပ်ရတာပေါ့။ အဲဒီလို မလုပ်ဘူးဆိုရင်လည်း အချိန်ရမှာ မဟုတ်ဘူးလေ”လို့ အိုလီဗီယာက ဆိုပါတယ်။ သူက နာမည်ကြီး Brand ပဲ ဖြစ်ဖြစ်၊ တန်ဖိုးကြီးတဲ့ အထည်ပဲ ဖြစ်ဖြစ် . . . အထည်ဟောင်းဆိုင်ကနေ ဝယ်လာတဲ့ အထည်အားလုံးကို တစ်ထည် ဒေါ်လာ ၂၀၊ ၃၀ လောက်ပဲ အမြတ်တင် ရောင်းတယ်။

အထည်ဟောင်းဆိုင်ကနေ အထည်သွားရှာဖို့၊ Poshmark မှာ အရောင်းပို့စ်တင်ဖို့၊ အော်ဒါတွေ လိုက်ပို့ဖို့ တစ်ပတ်ကို နာရီ ၂၀ ကနေ ၄၀ ကြား အချိန်ယူပြီး အလုပ်လုပ်တယ်။ အခုဆိုရင် သူ့ရဲ့ Poshmark app အဝတ်ဗီရိုထဲမှာ အထည်ပေါင်း ၁၁၀၀ လောက်အထိ တင်ရောင်းနေနိုင်ပါပြီ။ တစ်လကို အမြတ်ငွေ ဒေါ်လာ ၆၀၀၀ ကနေ ၇၀၀၀ ကြား မြတ်တယ်။ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာပဲ ဒေါ်လာ ၈၅၀၀၀ မြတ်ခဲ့တယ်။ အထည်ဟောင်းရောင်းတဲ့အလုပ် စလုပ်ချိန်ကစပြီး အခုချိန်အထိ သူ့ရဲ့ဝင်ငွေက ဒေါ်လာ ၁၁၇,၀၀၀ ကျော် ရှိနေပြီ။

အဲဒါကြောင့်လည်း အိပ်ခန်း ၅ ခန်းပါ အိမ်သစ်တစ်လုံး ဝယ်နိုင်ခဲ့တာပေါ့။ အိမ်သစ်အတွက် ကနဦးသွင်းငွေအဖြစ် ဒေါ်လာ ၂၅၀၀၀ ပေးရပြီး တစ်လကုန် ဒေါ်လာ ၂၁၀၀ စီ အရစ်ကျ သွင်းရတယ်။ ” ဒီအလုပ်သာ မလုပ်ဘူးဆိုရင်တော့ ဘဏ်အကောင့်တောင် ဖွင့်နိုင်မှာမဟုတ်ပါဘူး။ သင်တန်းကြေးနဲ့ နေထိုင်စားသောက်စရိတ်ရဖို့ အကြွေးတောင် ယူရဦးမှာပါ ”လို့ အိုလီဗီယာက ဆိုပါတယ်။

ဒါတောင် Poshmark app က ၁၅ ဒေါ်လာအထက် ရောင်းချမှုတွေကို ၂၀ ရာခိုင်နှုန်းအထိ ယူလို့ အိုလီဗီယာအတွက် အမြတ်နည်းခဲ့တာပါ။ Poshmark ရဲ့ ပြိုင်ဘက် Depop က ၁၀ ရာခိုင်နှုန်းပဲ ယူပြီး Facebook Marketplace ဆိုရင် ရာခိုင်နှုန်းတောင် မယူဘူး။ ဒါပေမဲ့ အိုလီဗီယာလို အချိန်လုပြီး အလုပ်လုပ်နေရသူအတွက်တော့ အော်ဒါပို့ရ လွယ်ကူစေပြီး ဖောက်သည်တွေရဲ့ စောဒကတက်မှုတွေကိုပါ ဖြေရှင်းပေးတဲ့ Poshmark က ပိုအဆင်ပြေစေပါတယ်။

အိုလီဗီယာဟာ မေလ ၆ ရက်နေ့မှာ ဆေးကျောင်းကနေ ဘွဲ့ရခဲ့ပြီး အခုအချိန်မှာတော့ မိသားစုဆရာဝန်သင်တန်း တက်ဖို့ သူ့ခင်ပွန်းနဲ့အတူ ကန်းဆက်မြို့ကို ပြောင်းရွှေ့လိုက်ပါပြီ။ အိုလီဗီယာကတော့ ဆရာဝန်ဖြစ်ရင်တောင် အထည်ဟောင်းရောင်းတဲ့အလုပ်ကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

Ref: CNBC ” This 26-year-old med student bought a house by selling used clothes: Without the side hustle, ‘I wouldn’t even have a savings account’”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top