လေလံတင်ခဲ့တဲ့ စိန်ပွင့်တွေအနက် ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ အပြာရောင်စိန်ပွင့်ဟာ အမေရိကန်ဒေါ်လာ ၅၇.၄၇ သန်းနဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ The De Beers Cullinan Blue လို့ အမည်ပေးထားတဲ့ စိန်ပွင့်ဟာ ၁၅.၁၀ ကာရက်ရှိပြီး အကွက်သွေးထားတာပါ။ ဟောင်ကောင်မြို့မှာ ကျင်းပခဲ့တဲ့ Sotheby လေလံပွဲမှာ လူ ၄ ဦးက ၈ မိနစ်ကြာ အပြိုင်အဆိုင် လေလံဆွဲခဲ့ပြီးနောက် အမည်မဖော်လိုသူတစ်ဦးက ၅၇.၄၇ သန်းနဲ့ လေလံအောင်မြင်သွားခဲ့တာပါ။ ဒါဟာ အမြင့်ဆုံးခန့်မှန်းဈေးနှုန်း အမေရိကန်ဒေါ်လာ ၄၈ သန်းထက် ကျော်လွန်ခဲ့ပါတယ်။
ရှားပါးတဲ့ အပြာရောင်စိန်ပွင့်ကို ၂၀၂၁ ခုနှစ်က တောင်အာဖရိကနိုင်ငံမှာရှိတဲ့ ကာလီနမ်မိုင်းတွင်းကနေ တွေ့ရှိခဲ့တာဖြစ်ပြီး အရောင်ပါစိန်ပွင့်တွေကို အကဲဖြတ်မှုအရ အမြင့်ဆုံးအဆင့်သတ်မှတ်ချက် ရရှိခဲ့ပါတယ်။ အမေရိက ကျောက်မျက်သိပ္ပံ (GIA) ထံ အကဲဖြတ်မှု ခံယူခဲ့တဲ့ အပြာရောင်စိန်ပွင့်တွေထဲမှာ အခုလို ထိပ်တန်းအဆင့် အရောင်သတ်မှတ်ချက်ရရှိဖူးတဲ့ စိန်ပွင့်က ၁ ရာခိုင်နှုန်းတောင် မပြည့်ပါဘူး။ လေလံပြပွဲသမိုင်းတစ်လျှောက် ၁၀ ကာရက်ထက် ပိုကြီးတဲ့ စိန်ပွင့် ၅ ပွင့်ပဲ လေလံပွဲမှာ ပါဝင်ခဲ့ဖူးပြီး ၁၅ ကာရက်ထက် ပိုကြီးတဲ့ စိန်ပွင့်တစ်ပွင့်မျှ မပါဝင်ခဲ့ဖူးဘူးလို့ Sotheby ကုမ္ပဏီက ထုတ်ပြန်ခဲ့ပါတယ်။
The De Beers Cullinan Blue စိန်ပွင့်ဟာ လေလံပွဲမှာ ရောင်းချခဲ့ဖူးသမျှ ဈေးအကြီးဆုံး အပြာရောင်စိန်ပွင့်အဖြစ် စံချိန်တင်နိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ၂၀၁၆ ခုနှစ် လေလံပြပွဲမှာ ရောင်းချခဲ့တဲ့ ၁၄.၆၂ ကာရက်ရှိ Oppenheimer Blue စိန်ပွင့်ကတော့ (အမေရိကန်ဒေါ်လာ ၅၇.၅၄ သန်း) လေလံပွဲမှာ ရောင်းချခဲ့ဖူးသမျှ ဈေးအကြီးဆုံး အပြာရောင်စိန်ပွင့်အဖြစ် စံချိန်တင်ထားဆဲပါပဲ။
Ref: CNN ” World’s largest blue diamond to come to auction has sold for $57.5 million”
Nz ( ရိုးရာလေး )