မွန်မြတ်စိတ်ထားကြောင့် ရုပ်တုထုပြီး ဂုဏ်ပြုခံရတဲ့ ဆိုက်ကားသမားကြီး

11.6.23-yyl-19.jpg

အဘိုးအို ပိုင်ဖန်းလီက တန့်အန်ကျင်းမြို့မှာ ဆိုက်ကားနင်းပြီး အသက်မွေးဝမ်းကျောင်းသူပါ။ ၇၄ နှစ်အရွယ်မှာ ဆိုက်ကားဆက်မနင်းတော့ဘူး၊ နားတော့မယ်ဆိုပြီး သူ့ရဲ့ဇာတိမြေ ဟီပေပြည်နယ်ကို ပြန်လာခဲ့တယ်။ ဇာတိမြေရောက်တော့ လယ်ကွင်းတွေထဲမှာ ကလေးငယ်တွေ အလုပ်လုပ်နေရတာ သူ တွေ့သွားတယ်။ ဒီကလေးတွေက စာသင်ခန်းထဲမှာ ရှိနေရမယ့်အစား ဘာကြောင့် လယ်ကွင်းထဲမှာ အလုပ်လုပ်နေရသလဲ။ မိဘတွေက ကျောင်းထားပေးဖို့ ငွေကြေးမတတ်နိုင်ကြလို့ပါပဲ။

ဒီအကြောင်း သိသွားတဲ့ ပိုင်ဖန်းလီက ဆိုက်ကားသမားဘဝကနေ အနားယူမယ့် သူ့အစီအစဉ်ကို ဖျက်လိုက်တယ်။ တိန့်အန်ကျင်းမြို့ကို ပြန်သွားပြီး ဆိုက်ကားဆက်နင်းတယ်။ လူစည်ကားတဲ့ ဘူတာရုံနားမှာ ဂိတ်ထိုးတယ်။ သူဟာ အဝတ်အစားလည်း အသစ်မဝယ်ဘူး၊ အစားအသောက်လည်း ချွေတာစားတယ်၊ အရင်ကထက်တောင် ပိုကြိုးစားတယ်။
တစ်ခါတလေ ခရီးသည်စောင့်ရင်း ဆိုက်ကားပေါ်မှာ မိုးလင်းသွားတဲ့ရက်တွေတောင် ရှိပါတယ်။ သူက ရလာတဲ့ ပိုက်ဆံအားလုံးကို နွမ်းပါးမိသားစုမှ ကလေးငယ်တွေ ကျောင်းတက်နိုင်ဖို့ လှူဒါန်းတယ်။ အသက် ၉၀ အရွယ်အထိ ၁၆ နှစ်တိုင်တိုင် ဆိုက်ကားဆက်နင်းခဲ့တယ်။
၂၀၀၁ ခုနှစ်မှာတော့ တိန့်အန်ကျင်းမြို့က ယောင်ဟွာအလယ်တန်းကျောင်းကို သူ သွားခဲ့ပြီး ကလေးတွေအတွက် နောက်ဆုံးအကြိမ် ငွေကြေးလှူဒါန်းခဲ့တယ်။

သူ ဆိုက်ကား ဆက်မနင်းနိုင်တော့တဲ့အကြောင်း ပြောတော့ ဆရာ၊ ဆရာမတွေ၊ ကျောင်းသားလေးတွေအားလုံး မျက်ရည်ကျရတယ်။ ပိုင်ဖန်းလီက ၁၆ နှစ်အတွင်း ဆိုက်ကားနင်းပြီး ရှာထားတဲ့ငွေ ယွမ် ၃၅၀၀၀၀ နဲ့ ကလေးငယ် ၃၀၀ ကျော်ကို ပညာသင်ကြားပေးနိုင်ခဲ့တယ်။

၂၀၀၅ ခုနှစ်မှာတော့ နေမကောင်းဖြစ်လို့ ဆေးရုံသွားပြတော့ အဆုတ်ကင်ဆာဖြစ်နေပြီ။ ဆေးရုံမတက်ခင်တုန်းကလည်း ရက် ၂၀ တိုင်တိုင် ကိုမာဖြစ်ခဲ့သေးတယ်။ သူ နေမကောင်းဘူးဆိုတဲ့ သတင်းကြားတော့ နန်ကိုင်တက္ကသိုလ်မှ ကျောင်းသား/သူတွေက ကြိုးကြာစက္ကူရုပ် ၉၉ ကောင် ခေါက်ပြီး သူ့အတွက် ဆုတောင်းပေးခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီနှစ်မှာပဲ သူ ကွယ်လွန်သွားခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက် ၉၃ နှစ် ရှိပါပြီ။ သူ့ရဲ့ဇာတိမြေမှာ သူ့ရုပ်တုထုပြီး ဂုဏ်ပြုခြင်းခံရတယ်။ ၂၀၀၄ ခုနှစ်မှာ CCTV သတင်းဌာနက ရွေးချယ်တဲ့ တရုတ်နိုင်ငံရဲ့ နှလုံးသားကို ကိုင်လှုပ်နိုင်သူ ၁၀ ယောက်စာရင်းအတွက် ဆန်ခါတင် ၂၀ ဦး စာရင်းမှာ ပိုင်ဖန်းလီ ပါဝင်ခဲ့ပါတယ်။

Ref: Bai Fangli

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top