ပင်စင်ယူပြီးရင်ဘာလုပ်ကြမလဲ

oldlarge.jpg

ပျော်ရွှင်မှုဟာဘဝရဲ့ ရည်မှန်းချက်လို့ ကျွန်မတို့အားလုံး ယူဆကြပါတယ်။

လူတွေဟာနေ့စဉ်နေ့တိုင်းသူတို့ရဲ့ဘဝကိုပျော်ပျော်သာနေလိုကြပါတယ်။ ပင်စင်ယူပြီးသွားရင် သူတို့တွေမှာအလုပ်လုပ်ဖို့ မလိုတော့တဲ့အတွက် အချိန်ပိုရပါလာတော့တယ်။ တခြားသူတွေကလည်းသူတို့ထိုင်စားပြီးလုပ်ချင်တာလုပ်နေတော့မယ်လို့ ထင်မြင်ယူဆကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကပြဿနာမဟုတ်သေးပါဘူး။ ပင်စင်ယူပြီးဘာလုပ်မယ်လို့ ရည်ရွယ်ထားတဲ့ ရည်မှန်းချက် မရှိဘူးဆိုရင် သင့်ဘဝဟာပျင်းခြောက်ခြောက် ဖြစ်လာမှာပါ။ ဒါ့ကြောင့် အချိန်ကိုဘယ်လိုပိုမိုတန်ဖိုးရှိပြီးစိတ်ဝင်စားစရာကောင်းအောင် အသုံးချမလဲ။ ကျန်ရှိနေသေးတဲ့ သင့်ဘဝကိုပျော်ရွှင်ဖွယ်ဖြစ်အောင် ကြိုတင် ကြံဆကြပါစို့။

အလုပ်တစ်ခုရှာပါ

အချိန်ပိုင်းလုပ်ရတဲ့ အလုပ်ဆိုအဆင်ပြေပါတယ်။ ပေါ့ပေါ့ပါးပါးအလုပ်လေးတွေလုပ်ရင်းနဲ့ လူအသစ်တွေနဲ့ တွေ့ဆုံရတာဟာအိမ်မှာနေရတာထက် ပိုမိုသာလွန်ပါတယ်။ အလုပ်ရှိခြင်းဟာဝင်ငွေအနည်းငယ် ရရှိစေနိုင်ပြီးလူ့အဖွဲ့အစည်းအတွက် အကျိုးပြုတဲ့သူလို့ ကိုယ့်ကိုကိုယ် ခံစားရမှာပါ။ ဒါဟာလူအများစုရှာဖွေနေတဲ့ လွတ်လပ်ပြီးစိတ်ချမ်းသာစရာကောင်းတဲ့အလုပ်ပါပဲ။ သင့်ကြွက်သားတွေ အလုပ်လုပ်ရတဲ့အတွက် သင့်ကျန်းမာရေးကိုလည်းပိုမိုကောင်းမွန်စေပါတယ်။

စေတနာ့ဝန်ထမ်းအလုပ်တွေမှာပါဝင်ဆောင်ရွက်ပါ

ဒါဟာပင်စင်စားလူအများစုလုပ်ရကျိုးနပ်တယ်လို့ ယူဆကြတဲ့ သိသာထင်ရှားတဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ အခွင့်အရေးတွေ မရေမတွက်နိုင်အောင် ရှိနေပါတယ်။ အကူအညီလိုအပ်နေတဲ့လူတွေကိုကူညီတာတွေ၊ ဆေးရုံ၊ စာကြည့်တိုက်တွေမှာကူညီပေးတာတွေကစလို့ ဒေသခံလူတွေဖွဲ့စည်းထားတဲ့ စေတနာ့ ဝန်ထမ်းအုပ်စုတွေမှာအကူအညီပေးတာ၊ ဘုရားကျောင်းတွေမှာဝေယျာဝစ္စလုပ်ကူတာနဲ့ မိဘမဲ့ဂေဟာတွေမှာကလေးတွေကိုကူညီစောင့်ရှောက်ပေးတာအထိအမျိုးမျိုးရှိနေပါတယ်။ ဒီလိုလုပ်ခြင်းဟာစိတ်ချမ်းသာတဲ့ ဘဝတစ်ခုကိုပိုင်ဆိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုလဲ ဖြစ်ပါတယ်။

ကျန်းမာရေးလိုက်စားပါ

ကျန်းမာရေးလိုက်စားတာဟာပင်စင်ယူပြီးနောက်ပိုင်းမှာမိမိကိုယ်ကိုယ်မအားလပ်အောင်လုပ်ဖို့ အရေးကြီးတဲ့ နည်းတစ်ခုဖြစ်ပါတယ်။ တင်းနစ်ရိုက်ခြင်း၊ ဂေါက်ရိုက်ခြင်း၊ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းစသည်ဖြင့် ကျန်းမာရေးအတွက် က်ို္ယ်လက်လှုပ်ရှားမှု အမျိုးမျိုးကိုတစ်ပတ်တစ်ခါလောက် လုပ်ပေးခြင်းအားဖြင့် သင့်ကျန်းမာရေးကိုပိုမိုကောင်းမွန်စေပါတယ်။ တကယ်လို့ လူများများနဲ့ တွေ့ပြီးလူတွေကြားဝင်ဆံ့ချင်တယ်ဆိုရင် လူအများနဲ့လုပ်ရတဲ့ အားကစားတွေ (သို့) အားကစားကလပ်တွေကိုရွေးချယ်သင့်ပါတယ်။

နိုင်ငံခြားကိုခရီးသွားပါ

သင့်မှာဆွေမျိုးတွေ ရှိပေမယ့် အရင်ကတော့ လည်ဖို့အချိန်မရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သင်သွားလည်ချင်တဲ့ နေရာတွေရှိကောင်းရှိမှာပါ (ဥပမာ ပြင်သစ်ကအီဖယ်တာဝါ၊ အီဂျစ်ကပိရမစ်) ဒါ့ကြောင့် ကမ္ဘာပေါ်က ကြီးကြယ်ခမ်းနားမှုတွေကိုသွားရောက်ခံစားဖို့အတွက် သင်တစ်ယောက်တည်းဖြစ်စေ၊ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေခရီးတစ်ခုကိုစီစဉ်လိုက်ပါ။

သင်တန်းတစ်ခုခု (သို့) အတတ်ပညာတစ်ခုခုကိုဆည်းပူးပါ

သင်အမြဲတတ်ချင်ခဲ့တဲ့ အတတ်ပညာတစ်ခုခု (သို့) သင်တိုးတက်ချင်နေတဲ့ သင့်ရဲ့ဝါသနာတစ်ခုခုပေါ်မှာအာရုံစိုက်လိုက်ပါ။ ဟင်းချက်သင်တန်း၊ ပန်းချီဆွဲသင်တန်း၊ ဓါတ်ပုံသင်တန်းစသည်တို့ဟာလည်းသင့်အချိန်ကိုအကျိုးရှိရှိအသုံးချဖို့ အလွန်သင့်တော်တဲ့ အကြံဥာဏ်တွေပဲ ဖြစ်ပါတယ်။

သင့်မိသားစုကိုအချိန်ပေးပါ

သင့်ရဲ့ အားလပ်ချိန်တွေကိုအကောင်းဆုံးအသုံးချဖို့ကတော့ သင့်မိသားစုနဲ့ အချိန်ကိုတန်ဖိုးရှိစွာကုန်ဆုံးစေတာပဲဖြစ်ပါတယ်။သင့်မြေးတွေနဲ့ ဆော့ကစားပြီးသူတို့ကိုစောင့်ရှောက်ဖို့အတွက် အပတ်စဉ် အချိန်လေးတွေကိုစီစဉ်ထားပေးပါ။ အော်ပရာပွဲတွေ၊ ရှိုးပွဲတွေ စတဲ့ ယဉ်ကျေးမှုဆိုင်ရာပွဲတွေ ကိုသွားပါ။ ဒါမှမဟုတ် စနေတနင်္ဂနွေ အားလပ်ရက်တွေမှာမိသားစုနဲ့ အပျော်ခရီးထွက်ပါ။

တကယ်တော့ သင်ဘာကိုပဲလုပ်လုပ် ဝမ်းမြောက်ဝမ်းသာလုပ်ပါ။ နှစ်ပေါင်းများစွာအလုပ်လုပ်ပြီးတဲ့နောက် ပင်စင်စားတဲ့သူတွေဟာနောက်ဆုံးတော့ သင့်အချိန်ကိုကိုယ်တိုင် ကောင်းကောင်းအသုံးချခွင့်ရရှိတာပါ။ ဒါ့ကြောင့် အချိန်ကိုအကျိုးရှိရှိနဲ့ မမေ့နိုင်ဖွယ်ဖြစ်အောင် အသုံးချပါ။

ရေးသားသူ – Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. K Zin Thwe
[ဤဆောင်းပါးကို ရိုးရာလေး၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top