ကင်မရာကောင်းကောင်းနဲ့ စိတ်ကူးဆန်းလေးကို ပေါင်းစပ်လိုက်မယ်ဆိုရင်

making-great-selfie-PZC5PKJ.jpg

ဆယ်လ်ဖီဓာတ်ပုံကောင်း တစ်ပုံရဖို့ဆိုတာ ကင်မရာကောင်းကောင်းရယ်၊ စိတ်ကူးစိတ်သန်းကောင်းကောင်းရယ် ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ကင်မရာကောင်းတိုင်းလည်း ပုံကောင်းတစ်ပုံ မထွက်သလို၊ စိတ်ကူးကောင်းပေမယ့် ကင်မရာမကောင်းလို့ ကောင်းသင့်သလောက် မကောင်းတဲ့ ပုံတွေလည်း ရှိပါတယ်။

ဥပမာ Selfie ချစ်သူတွေအတွက် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကို ရယူပေးတယ်ဆိုပေမယ့် ရိုက်ကူးသူတွေကလည်း ပြီးပြည့်စုံတဲ့ ပုံကောင်းလေးတွေရဖို့ စိတ်ကူးကောင်းလေးတွေနဲ့ ပေါင်းစပ်ဖို့ လိုပါသေးတယ်။ တချို့လည်း လက်ထဲကို ဖုန်းရောက်ပြီးမှ ခရီးမထွက်ရလို့၊ ဟိုဟိုသည်သည် မသွားရလို့ ရှုခင်းကောင်းကောင်းနဲ့ ပုံကောင်းလေးတွေ မရဘူးလို့ ဆိုကြပါတယ်။

တကယ်တမ်းတော့ Selfie မှာ ဖုန်းရဲ့ ကင်မရာက အရည်အသွေးပိုင်းနဲ့ နည်းစနစ်ပိုင်းကို အတော်လေး ထောက်ပံ့ပေးထားပြီးဖြစ်ပါတယ်။ ဒါကြောင့် ရိုက်ကူးမယ့်သူကပဲ ကိုယ်ရောက်နေတဲ့ နေရာ၊ ပတ်ဝန်းကျင်ပေါ်မူတည်ပြီး ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းနဲ့ ကြည့်ရှုရိုက်ကူးရုံပါပဲ။

ရှုထောင့်များနဲ့ စမ်းသပ်ပါ

Selfie ရိုက်တဲ့အခါမှာ ဖုန်းကင်မရာကို ၄၅ ဒီဂရီထောင်၊ ကင်မရာကို ကြည့်ပြီးမှ ရိုက်ပါလို့ အကြံပေးလေ့ ရှိကြပါတယ်။ ဒါက ရှုထောင့်ကို ပြောင်းစေချင်လို့ ပြောတာပါ။ ပုံမှန်အားဖြင့် ကင်မရာက မျက်လုံးနဲ့ တစ်တန်းတည်း နေရာတွေမှာ ထားပြီး ရိုက်တတ်ကြပေမယ့် ရှုထောင့်ပြောင်းလိုက်တဲ့အခါ အမြင်ကွဲပြားတဲ့ ပုံကောင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဥပမာအားဖြင့် ပုံရဲ့ selfie stick သုံးပြီး အမြင့်ကနေ စီးရိုက်တာမျိုးတွေနဲ့ စမ်းသပ်ရိုက်ကြည့်ပါ။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ရိုက်လို့ရပါတယ်။ လူများတဲ့ ကားမှတ်တိုင်မှာပဲဖြစ်ဖြစ်၊ show ပွဲမှာဖြစ်ဖြစ်၊ တစ်ယောက်တည်း ရှိနေချိန်ပဲဖြစ်ဖြစ် မတူညီတဲ့ ပုံစံကောင်းလေးတွေ ရရှိလာပါလိမ့်မယ်။

အပြည့်အဝမဖော်ပြတဲ့ အနီးကပ် အလှပုံနဲ့ စမ်းသပ်ပါ

များသောအားဖြင့် အနီးကပ်အလှပုံရိုက်ပြီဆိုရင် မျက်နှာတစ်ခုလုံးကို အလှဆုံးဖြစ်အောင် ရိုက်လေ့ရှိကြပါတယ်။ တချို့လည်း ကိုယ်တစ်ပိုင်းလုံးတောင် ပါဝင်အောင်ရိုက်တတ်ကြပါတယ်။ အခုတော့ အသစ်အဆန်းလေး ရိုက်ကြည့်ကြရအောင်။ ပုံဧရိယာရဲ့ သုံးပုံတစ်ပုံလောက်ပဲ ကိုယ့်မျက်နှာရဲ့ တစ်စိတ်တစ်ပိုင်းကို ထားပြီး ကျန်တာကို လွှတ်ထားတာမျိုးပေါ့။ တကယ်လို့ ရိုက်ရိုးရိုက်စဉ်အတိုင်းပဲ ရိုက်ထားပြီးပြီဆိုရင်လည်း ကိစ္စမရှိပါဘူး။ ပြန်ပြီး crop လုပ်ကြည့်လိုက်ပါ။

ခံစားချက်ကို ဖော်ပြပါ

Selfie မှာ အဓိက subject ရဲ့ ခံစားချက်ကလည်း အရေးကြီးပါတယ်။ နောက်ခံမြင်ကွင်းကောင်းဖို့ မလိုပါဘူး။ အုတ်နံရံတစ်ခုကို ကျောပေးပြီး ကိုယ့်မျက်နှာက ဖော်ပြတဲ့ ခံစားချက်ကို အမိအရ ရိုက်ကူးနိုင်ရင်လည်း ပုံကောင်းတစ်ပုံ ဖြစ်တာပါပဲ။ ပြုံးနေတဲ့ပုံကိုရိုက်ပါ။ ရယ်နေတဲ့ပုံကို ရိုက်ပါ။ လျှာထုတ်ပြီး ပြောင်ပြနေတဲ့ပုံကို ရိုက်ပါ။ ဝမ်းနည်း ဆိတ်ငြိမ်နေတဲ့ပုံကို ရိုက်ပါ။ အဓိက ကတော့ မျက်နှာပေါ်က ခံစားချက်ကို ပေါ်လွင်အောင်ရိုက်ဖို့ပါပဲ။

အသုံးအဆောင်ပစ္စည်းတွေနဲ့ ရိုက်ပါ

ဒါကလည်း Selfie သမားအတော်များများ သိပြီးသားဖြစ်မှာပါ။ ဆံပင်အတု စွပ်ပြီးရိုက်တာမျိုး၊ နှုတ်ခမ်းမွှေးအတုနဲ့ ရိုက်တာမျိုး၊ ဖန်စီမျက်မှန်နဲ့ ရိုက်တာမျိုး။ အအေးပိုက်ကလေးကို နှုတ်ခမ်းဖျားလေးနဲ့ ကိုက်ပြီး ရိုက်တာမျိုး စမ်းသပ်ကြည့်ပါ။ ဒါမှမဟုတ် ပန်းလေးတစ်ပွင့်ကို နမ်းရှိုက်နေတာမျိုးပေါ့။

အလင်းရောင်အောက်မှာ ရပ်ပါ

နေရောင်အောက်မှာ ရပ်ပြီးရိုက်ကြည့်ပါ။ ခေါင်းပေါ်ကို ကျနေတဲ့ နေရောင်ခြည်ကြောင့် ငွေရောင်တောက်နေတဲ့ ဆံပင်အစွန်းလေးတွေကို ရတာကလည်း လှပတဲ့ ဆွဲဆောင်မှု တစ်ခုပါပဲ။ အိမ်ခန်းထဲမှာဆိုရင်လည်း ပြတင်းပေါက်က ဝင်လာတဲ့နေရာင်ခြည်အလင်းတန်းအောက်မှာ ကိုယ့်မျက်နှာကို ချိန်ဆထားတာမျိုးကိုလည်း စမ်းသပ်ကြည့်ပါ။

အခြေခံစည်းမျဉ်းကို ဘယ်တော့မှမမေ့ပါနဲ့

Selfie ရိုက်တယ်လို့ ဆိုပေမယ့် ဓာတ်ပုံရိုက်ကူးမှုတိုင်းမှာ Rule of Thirds ကို အလေးထားဖို့ လိုအပ်ပါတယ်။ ဆုံချက်တွေမှာ ကိုယ့်ရဲ့ မျက်လုံး၊ နှုတ်ခမ်း စတာတွေကို ရှိနေသင့်ပါတယ်။ ဆုံချက်တွေမှာ ကိုယ်အဓိက ပေးချင်တဲ့ message တွေ ရှိနေသင့်ပါတယ်။ ဥပမာပြောရရင် လူ့ရဲ့ မျက်လုံးဟာ အလင်းဆုံးကို အရင်ဆုံး ကြည့်မြင်လေ့ ရှိပါတယ်။ အနီးကပ်အလှပုံမှာလည်း မျက်လုံးက အလင်းဆုံး၊ အသက်အပါဆုံးနေရာလို့ ဆိုရပါလိမ့်မယ်။

Cropping လုပ်ပြီး ဆန်းသစ်ကြည့်ပါ

ရိုက်ပြီးသား ဓာတ်ပုံကို cropping လုပ်ကြည့်ပါ။ ရဲရဲဝံ့ဝံ့ crop လိုက်ပါ။ ကိုယ်မထင်ထားတဲ့ အနေအထားတွေ၊ အရသာတွေကို တွေ့လာရပါလိမ့်မယ်။ နောက်ထပ်လိုအပ်တာကတော့ မိုလ်ဘိုင်းဖုန်းကို မြင်ယောင်ကြည့်ဖို့ပါပဲ။ မိုလ်ဘိုင်းဖုန်းမှာဆိုရင် ကိုယ့်ဓာတ်ပုံကို ဘယ်လိုအနေအထားနဲ့ မြင်နိုင်မလဲဆိုတဲ့ အတွေးကို တွေးထားဖို့ လိုပါတယ်။

ဓာတ်ပုံတစ်ပုံဟာ အဓိပ္ပါယ်ပေါင်းများစွာကို စုစည်းထားနိုင်ပါတယ်။ စကားတွေလည်း အများကြီးပြောနိုင်ပါတယ်။ ဓာတ်ပုံတစ်ပုံဟာ ကုန်လွန်သွားမယ့်အတိတ်ကို ထာဝရ တည်တံ့စေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုစွမ်းအင်တွေရှိနေတဲ့ ဓာတ်ပုံတစ်ပုံမှာ ကိုယ့်ရဲ့ ခံစားချက်တွေ၊ စိတ်ကူးစိတ်သန်းတွေ၊ တီထွင်နိုင်စွမ်းတွေကို အမိအရ ထည့်သွင်းနိုင်ကြပါစေ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top