ကျောင်းတက်နေစဉ် အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ခဲ့လို့ ဝေဖန်ခံနေရတဲ့ မာလာလာ

malala-yousafzai-e1551242742231.jpg

အမျိုးသမီးတွေ ပညာသင်ခွင့်ရရေး တက်ကြွလှုပ်ရှားသူ မာလာလာ ယူဆပ်ဇိုင် ဟာ အောက်စဖို့တ်မှာ ကျောင်းတက်နေစဉ် အနောက်တိုင်းစတိုင် ဂျင်းဘောင်းဘီအကျပ် ဝတ်ဆင်ခဲ့လို့ ဝေဖန်ခံနေရပါတယ်။

မာလာလာနဲ့တူတဲ့ အမျိုးသမီးတစ်ယောက် အောက်စဖို့တ်မှာ ဂျင်းဘောင်းဘီ ဝတ်ပြီး လမ်းလျှောက်တဲ့ ဓာတ်ပုံတစ်ပုံကို ပါကစ္စတန်နဲ့ အိန္ဒိယ သတင်းစာတွေမှာ ဖော်ပြနေပြီး ဆိုရှယ်မီဒီယာတွေမှာလည်း အများအပြား ဝေမျှနေကြပါတယ်။

Indian Express သတင်းစာက ဖော်ပြတဲ့ မာလာလာရဲ့ ဓာတ်ပုံအောက်မှာဆို တစ်ချို့သော Facebook User များက မာလာလာကို လက်ဘနွန် – အမေရိကန် ညစ်ညမ်းမင်းသမီး မီယာ ခါလီဖာ (Mia Khalifa) နဲ့တောင် နှိုင်းယှဉ်ပြီး ပြောဆိုရေးသားခဲ့ပါတယ်။

ဓာတ်ပုံထဲမှာဆို အိန္ဒိယ ရိုးရာဝတ်စုံတစ်မျိုးဖြစ်တဲ့ salwar kameez အစိတ်အပိုင်းတစ်ခုအဖြစ် ခေါင်းကာနဲ့ ဂျင်းဘောင်းဘီကို မာလာလာ ဝတ်ဆင်ထားတာ တွေ့ရနိုင်ပါတယ်။

ဒီဓာတ်ပုံဟာ New Forum တစ်ခုမှ ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး အောက်စဖို့တ်ရဲ့ အဓိက ဈေးဆိုင်တွေရှိတဲ့  Cornmarket လမ်းမှာ ရိုက်ကူးထားတာ ဖြစ်ပြီးမှာ ဓာတ်ပုံအစစ်လား၊ အတုလားဆိုတာကို ဘယ်သူမှ အတိအကျမပြောနိုင်သေးပါဘူး။ မာလာလာ ဘက်ကနေ ပြန်လည်ချေပပေးခဲ့သူတွေလည်း ရှိပြီး ပါကစ္စတန်နိုင်ငံရေး သမားတစ်ဦးဖြစ်သူ ဘူရှ်ရာ ဂေါ့ရာ ဆိုရင် “ငါ့တို့ရဲ့ မာလာလာလေး ဂျင်းဝတ်စုံနဲ့ လှနေတာပဲ။ သူကြိုက်တဲ့ဝတ်စုံ သူဝတ်တာတောင် တခြားသူတွေ ဘာလို့ပြဿနာ ရှာချင်ကြလဲ မသိဘူး”ဆိုပြီး Twitter မှာ ရေးသားခဲ့ပါတယ်။

မာလာလာဟာ သူမကလေးအရွယ်၊ ၂၀၁၂ ခုနှစ်မှာ မိန်းကလေးတွေ ပညာသင်ခွင့်ရရေးအတွက် တောင်းဆိုခဲ့လို့ တာလီဘန်တွေ သေနတ်နဲ့ပစ်တာခံခဲ့ရပေမဲ့ အသက်မသေဘဲလွတ်မြောက်ခဲ့သူဖြစ်ပြီး သူမ သေနတ်နဲ့ပစ်ခံရပြီး ၅ နှစ်အကြာမှာ အောက်စဖို့တ် တက္ကသိုလ် Lady Margaret Hall မှာ နိုင်ငံရေး၊ ဒဿနိကဗေဒနဲ့ စီးပွားရေး (Politics, Philosophy, Economics (PPE)) ပညာရပ်တွေကို စတင်သင်ကြားနေပြီ ဖြစ်ပါတယ်။

သူမ အောက်စဖို့တ်မှာ ကျောင်းစတတ်ခဲ့တဲ့ ၂၀၁၇ အောက်တိုဘာလ ၉ ရက်နေ့မှာလည်း သူမရဲ့ ဒဿနိကဗေဒ ကျောင်းစာအုပ်ရဲ့ ဓာတ်ပုံ တစ်ပုံကိုရိုက်တင်ခဲ့ပြီး “လွန်ခဲ့တဲ့ ၅ နှစ်က ကျွန်မဟာ မိန်းကလေးတွေ ပညာရေးအတွက်လှုပ်ရှားရင်း သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။ ဒီနေ့မှာတော့ ကျွန်မရဲ့ ပထမဆုံး ကျောင်းသင်ခန်းစာကို အောက်စဖိုတ့်မှာ စတတ်နေပါပြီ ”လို့ Twitter မှာရေးသားခဲ့တာ ဖြစ်ပါတယ်။

Ref : Independent News : Malala Yousafzai trolled for ‘wearing skinny jeans

လူမို (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top