မြန်မာပရိသတ်ရှေ့၌ နိုင်ပွဲရယူရန် အန်တိုနီယို စိတ်အားထက်သန်နေ

ygb.jpg

မြန်မာနိုင်ငံ၏ပထမဆုံးအမျိုးသမီးပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား အန်တိုနီယိုသည် ONE: Reign Of Valor ပြိုင်ပွဲကြီးတွင် မလေးရှားနိုင်ငံသူ Audreylaura Boniface နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည် ဖြစ်ကြောင်း ONE Championship က ဖေဖော်ဝါရီ ၄ ရက်တွင် တရားဝင်ကြေငြာခဲ့သည်။ အန်တိုနီယိုသည် လက်ရှိအချိန်တွင် အကောင်းဆုံး လေ့ကျင့်ပြင်ဆင်နေပြီး မြန်မာပရိသတ်ရှေ့မှောက်တွင် မလေးရှားသူ Boniface ကို အနိုင်ယူရန် စိတ်အားထက်သန်နေကြောင်း ၎င်းကဆိုသည်။

“ကိုယ့်နိုင်ငံ၊ ကိုယ့်ပရိသတ်ရှေ့ ကစားရမှာဖြစ်တဲ့အတွက် တာဝန်ပိုကြီးတယ်။ ဒီပွဲကို စိတ်လှုပ်ရှားတယ်ဆိုတာထက် အနိုင်ရအောင် ဂရုစိုက်ကစားရမယ်။ ကြိုတင်ပြင်ဆင်မှု အကောင်းဆုံးလုပ်ထားတဲ့အတွက် ရလဒ် ကောင်းဖို့ မျှော်လင့်ပါတယ်။ မြန်မာပရိသတ်တွေရှေ့မှာ နိုင်ပွဲပြန်ယူနိုင်ဖို့ စိတ်အားထက်သန်နေပါတယ်” ဟု အန်တိုနီယိုက ပြောကြားသည်။

အန်တိုနီယိုသည် မြန်မာနိုင်ငံ၏ အကောင်းဆုံးအမျိုးသမီးလက်ဝှေ့ကစားသမားတစ်ဦးဖြစ်ပြီး National Boxing Championship တွင် နှစ်ထပ်ကွမ်းလက်ဝှေ့ချန်ပီယံဆုကို ဆွတ်ခူးထားသူလည်းဖြစ်သည်။ အန်တိုနီယိုသည် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကိုယ်ခံပညာသိုင်းပေါင်းစုံအဖွဲ့အစည်းက ကျင်းပသော ONE Championship ပြိုင်ပွဲကြီးတွင် ၎င်း၏ ပွဲဦးထွက်၌ ပြိုင်ဘက်ကစားသမား ရွှေစင်ကို ၂၄ စက္ကန့်ဖြင့် အချိန်တိုအတွင်း အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်သည် ONE Championship အမျိုးသမီးပြိုင်ပွဲများတွင် အမြန်ဆုံးအလဲထိုးအနိုင်ယူနိုင်ခဲ့သည့် စံချိန် မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

သို့သော် ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် ONE: Kingdom of Heroes ပြိုင်ပွဲကြီးတွင် ထိုင်းအားကစားသမား Rika Ishige ကို ရှုံးနိမ့်ခဲ့သောကြောင့် နိုင်ပွဲပြန်လည်ရယူရန် ၎င်းသည် စိတ်အားထက်သန်နေသည်။

“ဒီပွဲအတွက် လွန်ခဲ့တဲ့ သုံးလကျော်ကတည်းက အချိန်ယူပြီး အင်ဒိုနီးရှားနိုင်ငံ၊ Bali MMA အားကစားရုံမှာ သွားရောက်လေ့ကျင့်နေတာပါ” ဟု အန်တိုနီယိုက လေ့ကျင့်မှုပိုင်းနှင့် ပတ်သက်၍ ပြောကြားသည်။ Bali MMA အားကစားရုံသည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားရုံများထဲတွင် အာရှ၏ အကောင်းဆုံး ကိုယ်ခံပညာအားကစားရုံတစ်ခုဖြစ်ပြီး ကစားသမားကောင်းများစွာ မွေးထုတ်ပေးလျက်ရှိသည်။

“Rika Ishige ကို ရှုံးခဲ့တဲ့ပွဲတုန်းက ကျွန်မအတွက် ပြင်ဆင်ချိန် အရမ်းတိုတောင်းခဲ့တယ်။ ဒါကြောင့် ဒီလိုမျိုးထပ်မဖြစ်အောင် ပွဲအတွက် ကြိုတင်အချိန်အကြာကြီးယူပြီး ပြင်ဆင်ခဲ့ပါတယ်။ ဒီပွဲအတွက် အဆင်သင့်ပါပဲ။ ပြင်ဆင်မှုကောင်းတဲ့အတွက် အရင်ပွဲထက် ရလဒ်ပိုကောင်းမယ်လို့ ယုံကြည်တယ်” ဟု အန်တိုနီယာက ဖွင့်ဟပြောကြားသည်။

အန်တိုနီယာနှင့် ရင်ဆိုင်ထိုးသတ်မည့် မလေးရှားနိုင်ငံသူ Audreylaura Boniface သည် ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကြိုးဝိုင်းအတွင်း တိုက်စစ်ကိုဦးဆောင်ကစားတတ်သဖြင့် ပြိုင်ဘက်တိုင်းက အန္တရာယ်ရှိသောကစားသမား အဖြစ်မှတ်ယူထားကြသည်။ Boniface သည် Sabah ၏ Borneo Tribal Squad ၌ နည်းပြဖြစ်သူ
AJ “Pyro” Lias Mansor ၏ ကြီးကြပ်မှုအောက်တွင် လေ့ကျင့်လျက်ရှိသည်။ အန်တိုနီယိုသည် တစ်ပတ်လျှင် ၆ရက် ပြင်းပြင်းထန်ထန်လေ့ကျင့်နေသလို ပြိုင်ဘက် Boniface ၏ အားသာချက်၊ အားနည်းချက်များကို မပြတ်လေ့လာလျက်ရှိသည်။

“ပြိုင်ဘက် Boniface ရဲ့ အရင်ကပွဲတွေကို youtube ကတဆင့် အထပ်ထပ်အခါခါကြည့်ဖြစ်တယ်။ Boniface ဟာ ကျွန်မ အတွက် ပြိုင်ဘက်ကောင်းတစ်ယောက်ပါ။ နောက်ပြီး Boniface က တိုက်စစ်ရော ခံစစ်ပါ ဘက်စုံကစားနိုင်တယ်” ဟု ပြိုင်ဘက်အပေါ် သုံးသပ်ပြောဆိုသွားသည်။

အန်တိုနီယိုက မိမိအနေဖြင့် မည်သည့်တိုက်ကွက်ဖြင့် ကစားမည်ဆိုသည်ကို လက်ရှိအချိန်၌ လျှို့ဝှက်ထားဦးမည်ဖြစ်ကြောင်း၊ ပွဲအခြေအနေပေါ် မူတည်၍ အသုံးချသွားမည်ဖြစ်ပြီး အနိုင်ရလဒ်ရရှိရန် ဦးတည်ထားကြောင်း ပြောဆိုခဲ့သည်။

Boniface သည် တိုက်ကွမ်ဒို ခါးပတ်နက်ချန်ပီယံဖြစ်သလို ဆရာဝန်တစ်ဦးလည်းဖြစ်ပြီး Kota Kinabalu ရှိ ဆေးရုံတစ်ခု၏ အရေးပေါ်ကုသဆောင်တွင် အချိန်ပြည့် လုပ်ကိုင်နေသည်။ ၎င်းအတွက် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသည် စိတ်ဖိစီးမှုများကို လျှော့ချနိုင်သော နည်းလမ်းကောင်းတစ်ခုအဖြစ် ခံယူထားသူဖြစ်သည်။ Boniface သည် အန်တိုနီယိုနှင့် ယှဉ်ပြိုင်ရမည့်ပွဲအတွက် အပြင်းအထန်ပြင်ဆင်နေပြီး ပထမဆုံးအောင်ပွဲကို ရယူရန် စိတ်အားထက်သန်နေလျက်ရှိသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top