ONE: DAWN OF HEROES ပြိုင်ပွဲကြီးအား လက်လွတ်မခံသင့်သည့်အချက် (၆) ချက်

Martin-Nguyen-Koyomi-Matsushima-600x400.jpg

အကြီးကျယ်ဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများပါဝင်ယှဉ်ပြိုင်ကြမည့် ONE Championship ပြိုင်ပွဲကြီးသည် လာမည့်သြဂုတ်လ (၂) ရက်တွင် ဖိလစ်ပိုင်နိုင်ငံသမိုင်း၌ အကောင်းဆုံးသောတွဲဆိုင်းများနှင့် အတူ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်သည်။

ONE: DAWN OF HEROES ပြိုင်ပွဲကြီးတွင် နာမည်ကျော်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်သလို ကမ္ဘာ့ချန်ပီယံခါးပတ်စိန်ခေါ်ပွဲ (၂) ပွဲ၊ Grand Prix ဆီမီးဖိုင်နယ်ပွဲစဉ် (၃) ပွဲနှင့်အတူ အခြားစိတ်လှုပ်ရှားစရာတွဲဆိုင်းများကို Mall Of Asia Arena အားကစားပြိုင်ပွဲရုံတွင် ကျင်းပသွားတော့မည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း အကြီးကျယ်ဆုံးပြိုင်ပွဲကြီးတစ်ခုဖြစ်သည့် ONE: DAWN OF HEROES ပြိုင်ပွဲကြီးအား လက်လွတ်မခံသင့်သည့်အချက် (၆) ချက်ကို ဖော်ပြလိုက်ပါသည်။

၁။ ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ ( ၂) ပွဲ

ကိုယ်ခံပညာသိုင်းပေါင်းစုံချန်ပီယံလုပွဲနှင့် မွေထိုင်းကမ္ဘာ့ချန်ပီယံလုပွဲတို့က အဓိကတွဲဆိုင်းများဖြစ်ပြီး အခြား စိတ်လှုပ်ရှားစရာရသများပေးစွမ်းနိုင်သော အားကစားသမားများ၏ တွဲဆိုင်းများလည်းပါဝင်သည်။ အဓိကတွဲဆိုင်းကြီးက ONE ဖယ်သာဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် လက်ရှိချန်ပီယံ Martin “The Situ-Asian” Nguyen နှင့် စိန်ခေါ်သူ ဂျပန်နိုင်ငံ့ဂုဏ်ဆောင် Koyomi “Moushigo” Matsushima တို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဗီယက်နမ်-သြစတြေးလျကပြား Martin သည် လွန်ခဲ့သည့် (၄) နှစ်တာအတွင်း ONE ဖယ်သာဝိတ်တန်းတွင် ယှဉ်ပြိုင်ရခက်သည့်အားကစားသမားတစ်ဦးအဖြစ်သတ်မှတ်ခံထားရသော်လည်း အသက် (၂၆) နှစ်အရွယ် ဂျပန်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားကလည်း သန်မာသည့်ပြိုင်ဘက်ကောင်းတစ်ဦးဖြစ်ရာ Martin အတွက် ခက်ခဲသောပွဲတစ်ပွဲဖြစ်လာနိုင်သည်။ Koyomi တွင် လေးစားခံ့ညားလောက်စရာ နပမ်း ကျွမ်းကျင်မှုနှင့် အလဲထိုးနိုင်ပွဲရယူနိုင်သောစွမ်းဆောင်ရည်ရှိသည်ဆိုသည်ကို ကမ္ဘာ့အကြီးမားဆုံးကိုယ်ခံပညာ သိုင်းပေါင်းစုံအဖွဲ့အစည်း ONE Championship သို့ရောက်ရှိလာပြီးနောက် ( ၂) ပွဲဆက်တိုက်အနိုင်ရခဲ့ခြင်းက သက်သေပြလျက်ရှိသည်။

၎င်းတို့နှစ်ဦးယှဉ်ပြိုင်မည့် အဓိကတွဲဆိုင်းကြီးမတိုင်မီ ONE ဖလိုင်းဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲ အဖြစ် လက်ရှိချန်ပီယံ Jonathan “The General” Haggerty ၏ ပထမဆုံး ချန်ပီယံခါးပတ်ကာကွယ်ပွဲ အဖြစ် ထိုင်းနိုင်ငံ့ဂုဏ်ဆောင် Rodtang “Iron Man” Jitmuangnon တို့၏တွဲဆိုင်းကိုကျင်းပသွားမည်ဖြစ်သည်။

အင်္ဂလန်နိုင်ငံ့ဂုဏ်ဆောင် Jonathan သည် ၂၀၁၉ ခုနှစ် မေလကကျင်းပခဲ့သောပြိုင်ပွဲတွင် မွေထိုင်းအကျော်အမော် Sam-A Gaiyanghadao ကိုအနိုင်ယူကာ ချန်ပီယံဖြစ်ခဲ့ခြင်းဖြစ်ပြီး ယခုရင်ဆိုင်ရမည့် Rodtang က ယှဉ် ပြိုင်ရခက်ခဲသောပြိုင်ဘက်တစ်ယောက်ဖြစ်ရာ ၎င်း၏ ပထမဆုံးချန်ပီယံခါးပတ်ကာကွယ်ပွဲက ဖိအားတစ်ခုလို ဖြစ်လာသည်။ ၎င်းတို့နှစ်ယောက်စလုံးက တိုက်စစ်အားသန်သည့်အားကစားသမားကောင်းများဖြစ်ရာ မနီလာပရိသတ်များကို ရသမြောက်သည့်ပွဲကောင်းတစ်ပွဲဖြစ်လာစေရန် ကတိပေးထားသလိုဖြစ်နေသည်။

၂။ လိုက်ဝိတ်တန်းGrand Prixတွင် တွေ့ဆုံနေသော ဂန္ထဝင်နှစ်ဦး

Eduard “Landslide” Folayang နှင့် Eddie “The Underground King” Alvarez တို့သည် ကိုယ်ခံပညာသိုင်း ပေါင်းစုံပြိုင်ပွဲသမိုင်းတစ်လျှောက် လိုက်ဝိတ်တန်းတွင် အကောင်းဆုံးအားကစားသမားနှစ်ဦးအဖြစ် သတ်မှတ်ခံ ထားရသူများဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ့ဂုဏ်ဆောင် Folayang သည် ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို (၂) ကြိမ်ရဖူးပြီး အမေရိကန် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား Alvarez ကလည်း ကမ္ဘာ့ချန်ပီယံဆုကို (၄) ကြိမ် ရယူဖူးသည်။ ယခုတော့ အရှေ့နှင့်အနောက် ဂန္ထဝင်အားကစားသမားနှစ်ဦး ထိပ်တိုက်ရင်ဆိုင်ကြတော့မည် ဖြစ်သည်။

Lowen Tynanes နှင့် Timofey Nastyukhin တို့ ဒဏ်ရာကိုယ်စီရရှိခဲ့ခြင်းကြောင့် ONE လိုက်ဝိတ်တန်း Grand Prix ဆီမီးဖိုင်နယ်ပြိုင်ပွဲသို့ယှဉ်ပြိုင်ခွင့်ရခဲ့သော Folayang နှင့် Alvarez တို့သည် မည်သူက ချန်ပီယံခါးပတ် အတွက် စိန်ခေါ်သူနံပါတ်တစ်ဖြစ်သလဲဆိုသည်ကို အဖြေရှာကြရတော့မည်လည်းဖြစ်သည်။ နှစ်ဦးစလုံးသည် ပွဲကြီးပွဲကောင်းမြောက်များစွာကို ယှဉ်ပြိုင်ခဲ့သူများဖြစ်သောကြောင့် မနီလာတွင် မနားတမ်း အကောင်းဆုံး ယှဉ်ပြိုင်မည့်ပွဲကောင်းတစ်ပွဲကို ရှုစားခွင့်ရမည်ဖြစ်သည်။

၃။ အကောင်းဆုံး ယှဉ်ပြိုင်မှုများနှင့် ဖလိုင်းဝိတ်တန်းဆီမီးဖိုင်နယ်

Mall Of Asia Arena တွင်ပြုလုပ်မည့် ONE ဖလိုင်းဝိတ်တန်း Grand Prix ဆီမီးဖိုင်နယ်တွဲဆိုင်း၌ အဓိကနေရာမှ ပါဝင်နေသူက ကမ္ဘာ့ချန်ပီယံခါးပတ်ကို (၁၂) ကြိမ်ရဖူးသော Demetrious “Mighty Mouse” Johnson ဖြစ်သည်။ အမေရိကန်နိုင်ငံ့ဂုဏ်ဆောင် Demetrious သည် ဂျပန်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား Tatsumitsu “The Sweeper” Wada နှင့် ထိပ်တိုက်တွေ့ဆုံလျက်ရှိပြီး ONE ဖလိုင်းဝိတ်တန်း ချန်ပီယံဆု အတွက် အနီးစပ်ဆုံးအခြေအနေတစ်ခုကိုရောက်ရှိနေသည်။

အခြားဆီမီးဖိုင်နယ်တွဲဆိုင်းမှာ ဖိလစ်ပိုင်ပရိသတ်များအကြိုက် အိမ်ရှင်ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစား သမား Danny “The King” Kingad နှင့် သြစတြေးလျနိုင်ငံ့ဂုဏ်ဆောင် Reece “Lightning” McLaren တို့ တွဲဆိုင်းဖြစ်သည်။ နှစ်ယောက်စလုံးက ကိုယ်ခံပညာသိုင်းပေါင်းစုံလောကတွင် ထင်ရှားသူများဖြစ်ရာ အပြန်အလှန်တိုက်စစ်ဆင်ထိုးသတ်ပုံများကို မြင်တွေ့ရမည်ဖြစ်သည်။

၄။ Team Lakay အသင်းသားများလွှမ်းမိုးထားခြင်း

ဖိလစ်ပိုင်နိုင်ငံသို့ ONE Championship ပြိုင်ပွဲ တစ်ဖန်ပြန်လည်ကျင်းပချိန်တွင် Mall Of Asia Arena အားက စားပြိုင်ပွဲရုံ၌ Team Lakay အသင်းသားများ၏ တွဲဆိုင်းများက လွှမ်းမိုးထားသည်။ ဘာဂွီအိုမြို့ အခြေစိုက် ကလပ်သည် ကမ္ဘာ့အဆင့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများကိုမွေးထုတ်နိုင်ခဲ့ပြီး ONE: DAWN OF HEROES ပြိုင်ပွဲတွင်လည်း ၎င်းတို့ကလပ် ကိုယ်စားပြုအားကစားသမား (၅) ဦးအထိ ဝင်ရောက်ယှဉ်ပြိုင် ထိုးသတ်သွားမည်ဖြစ်သည်။

Folayang နှင့် Kingad တို့မယှဉ်ပြိုင်မီ ONE ဖလိုင်းဝိတ်တန်းကမ္ဘာ့ချန်ပီယံဟောင်းဖြစ်သူ Geje “Gravity” Eustaquio သည် ဂျပန်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား Yuya “Little Piranha” Wakamatsu နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။ ONE ဖလိုင်းဝိတ် Grand Prix အရန်တွဲဆိုင်းအဖြစ်ပါဝင်မည့် ၎င်းတို့ နှစ်ယောက်၏တွဲဆိုင်းက အခြားသောတွဲဆိုင်းများကိုပင်ကျော်ကာ အကောင်းဆုံးပွဲတစ်ပွဲပင်ဖြစ်လာနိုင်သည်။

အခြားသောစိတ်လှုပ်ရှားစရာပွဲကောင်းတစ်ပွဲက ကမ္ဘာ့ချန်ပီယံဟောင်းနှင့် ONE ဖယ်သာဝိတ်တန်း၏ ပထမဆုံးဘုရင်တစ်ပါးဖြစ်သူ Honorio “The Rock” Banario နှင့် တောင်ကိုရီးယားနိုင်ငံ့ဂုဏ်ဆောင် “Crazy Dog” Dae Sung Park တို့၏ လိုက်ဝိတ်တန်းတွဲဆိုင်းဖြစ်သည်။

နောက်ထပ်ယှဉ်ပြိုင်မည့် Team Lakay အသင်းသားက Edward “The Ferocious” Kelly ဖြစ်ပြီး ဖယ်သာ ဝိတ်တန်းတွဲဆိုင်းအဖြစ် တရုတ်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား “The Stalker” Xie Bin နှင့် အကြိတ်အနယ်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

၅။ Rodlek ပြန်လာပြီ

ONE: DAWN OF HEROES ပြိုင်ပွဲကြီးတွင် နာမည်ကျော်မွေထိုင်းအားကစားသမားတစ်ဦးဖြစ်သူ Rodlek PK.Saeenchaimuaythaigym သည် ၎င်းပြန်လာပြီဆိုသည်ကိုသက်သေပြတော့မည်ဖြစ်သည်။ အသက် (၂၉) နှစ်အရွယ် Channel 7 Stadium မွေထိုင်းကမ္ဘာ့ချန်ပီယံ Rodlek သည် ပြီးခဲ့သည့်ဇွန်လကကျင်းပခဲ့သော ONE: LEGENDARY QUEST ပြိုင်ပွဲကြီးတွင် Liam Harrison ကို အကောင်းဆုံးထိုးသတ်ကာအနိုင်ယူခဲ့သည်။

ယခုတွင်တော့ ဘန်ကောက်ဒေသခံ Rodlek သည် ပရိသတ်များ၏ လက်ခုပ်သံကိုပိုမိုရရှိနိုင်ရန် အကောင်းဆုံး စွမ်းဆောင်ရည်ပြသလေ့ရှိသည့် စကော့တလန်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား Andrew “Maddog Fairtex” Miller နှင့် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်သည်။

၆။ စတောဝိတ်တန်းမှပွဲကောင်းတစ်ပွဲ

တတိယမြောက်ပွဲစဉ်အဖြစ် ပရိသတ်များကို အကောင်းဆုံးစွမ်းဆောင်ရည်များဖြင့် ယှဉ်ပြိုင်သွားမည့်သူများသည် ထိုင်းနိုင်ငံ့ဂုဏ်ဆောင် Pongsiri “The Smiling Assasin” Mitsatit နှင့် တရုတ်ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားသမား Miao Li Tao တို့တွဲဆိုင်းဖြစ်သည်။

နှစ်ဦးစလုံးသည် စတောဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကိုရယူနိုင်ရန် ရည်မှန်းကြိုးစားနေသူများဖြစ်သောကြောင့် အကောင်းဆုံးနည်းဗျူဟာ၊ နည်းစနစ်များဖြင့် ယှဉ်ပြိုင်ထိုးသတ်သွားမည်လည်းဖြစ်သည်။ Pongsiri ရော၊ Miao တို့မှာ ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် အလျင်မြန်ဆုံးပွဲသိမ်းနိုင်ရန်ကြိုးစားနေသူများဖြစ်ရာ ၎င်းတို့နှစ်ဦး၏ တွဲဆိုင်းကလည်း လက်လွတ်မခံသင့်သောပွဲကောင်းတစ်ပွဲဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top